← Back Published on

ရွှေတူးဖော်ရေးကပ်ဆိုးကို ဖြေရှင်းပေးဖို့ ကေအိုင်အိုကိုကချင်ပြည်သူတွေတောင်းဆို

By EMILY FISHBEIN, JAUMAN NAW, JAW TU HKAWNG and NU NU LUSAN

ACDD မှဘာသာပြန်ဆိုထားသည်။

ဘောက်နူး*ဟာ နမ်ဆန်ယန်ရွာကသူ့နေအိမ်ဆီ လုံခြုံစွာပြန်နိုင်မယ့်တစ်နေကို စိတ်ကူးမျှော်လင့်ခဲ့တာ (၁၁) နှစ်ကြာပါပြီ။ သူမဟာ ၂၀၁၁ ခုနှစ်တုန်းက တစ်ကြော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ကြားတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပြည်သူ (၁) သိန်းကျော်ထဲက တစ်ဦးဖြစ်ပြီး အဲဒီအချိန်ကစပြီး လိုင်ဇာကေအိုင်အိုဌာနချုပ်အနီးက စစ်ဘေးရှောင်စခန်းမှာပဲ နေထိုင်လာခဲ့ပါတယ်။

နမ်ဆန်ယန်ကနေ ရွာသားတွေတိမ်းရှောင်လာပြီး မကြာခင်မှာပဲ စီးပွားရေးသမားတွေဟာ ရွှေတူးဖို့ သူတို့မြေတွေကို လိုက်ဝယ်ကြပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ရွှေတူးဖော်မှုတွေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါတယ်။ မြေကော်ကားတွေဟာ ကျန်နေခဲ့တဲ့ကျေးရွာတွေကို ချိုင့်နက်ကြီးတွေ ၊ မြေစာပုံတွေဖြစ်အောင် ပြောင်းလဲလိုက်ပါတယ်။ ဒါပေမယ့် ဘောက်နူးဟာ မြေရောင်းဖို့ ငြင်းဆန်ခဲ့သူ အနည်းငယ်ထဲက တစ်ဦးဖြစ်ပါတယ်။ ဒီဇင်ဘာလ ၊ (၂၇) ရက်နေ့မှာတော့ ကေအိုင်အိုဟာ သူလွှမ်းမိုးထားတဲ့ နယ်မြေတွေထဲမှာ ရွှေတူးဖော်ရေးမလုပ်ဖို့ တားမြစ်လိုက်ပါတယ်။

ဇန်နဝါရီလမှာ ရွှေတူးဖော်မှုတွေ ယာယီရပ်ဆိုင်းသွားခဲ့ပေမယ့် မေလအတွင်း သူတို့ရွာကိုပြန်တဲ့အချိန် ရွှေပြန်တူးနေကြတာတွေ့တယ်လို့ ဘောက်နူးနဲ့ ရွာခံနှစ်ခြင်းအသင်းတော်အဖွဲ့ဝင် မွန်းအောင်*တို့နှစ်ဦးလုံးက ပြောကြပါတယ်။ “နေ့ဘက်မှာ အားလုံးတိတ်ဆိတ်နေပေမယ့် ရွှေတူးဖော်တာတွေကို ညဘက်မှာလုပ်ကြတယ်” လို့ဘောက်နူးက ပြောပါတယ်။ “ဆက်တူးနေကြတယ် ... ပြောင်းလဲသွားတာ တစ်ခုပဲရှိတယ်။ အဲ့တာကတော့ ပေါ်ပေါ်ထင်ထင် မလုပ်ကြတော့ဘူး။”

အဲဒီအချိန်က ရွှေတူးနေကြတဲ့နေရာတွေထဲမှာ ဘောက်နူးပိုင်တဲ့မြေရဲ့ အနီးအနား‌ နေရာတွေလည်းပါပါတယ်။ သူပိုင်တဲ့ခြံက ကြီးမားတဲ့အမှိုက်ပုံတွေကြားထဲမှာ မြုပ်နေပြီဖြစ်တာကြောင့် သူ့မှာတခြားရွေးချယ်စရာ မရှိတော့ဘူးလို့ ခံစားရပြီး မကြာသေးခင်ကပဲ သူ့မြေကိုရောင်းဖို့ သဘောတူလိုက်ပါတယ်။ “ရွာမှာငြိမ်းချမ်းသွားရင် အိမ်ပြန်မယ်လို့ စိတ်ကူးထားခဲ့တာပါ” လို့သူမကပြောပါတယ်။ “ကျွန်မတို့ရွာထဲမှာ ရွှေတူးနေတာတွေအားလုံးကို တွေ့လိုက်ရတဲ့အခါ ကျွန်မအိပ်မက်တွေ ပျက်စီးသွားသလို ခံစားခဲ့ရတယ်”

သူမဟာ ရွှေတူးဖော်မှုရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကြောင့် ဒုက္ခရောက်နေရတဲ့ ကချင်ပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ ပြည်သူများစွာထဲက တစ်ဦးဖြစ်ပါတယ်။ တရားဝင်စီးပွား‌ရေးလုပ်ငန်းတွေ နည်းပါးလာခြင်းကြောင့် ပြည်သူတွေဟာ ဝင်ငွေရလမ်းအသစ် ရှာဖွေလာကြပြီး တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းလာခြင်းက နောက်ဆက်တွဲပြဿနာတွေကို ဂရုမစိုက်ဘဲ[1] သယံဇာတထုတ်ယူဖို့ လူတွေကို တွန်းအားဖြစ်စေပါတယ်။

ရွှေတူးဖော်မှုအကြောင်း ဆောင်းပါးတွေအတွက် လွန်ခဲ့သော (၆) လတာအတွင်း ဒေသခံရွာသား (၁၂) ဦးနဲ့ ကချင်အရပ်ဘက်လူမှု အဖွဲ့အစည်းအဖွဲ့ဝင် (၇) ဦးတို့နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေ့ရှိချက်တွေက ၂၀၀၀ ခုနှစ်အကျော် အစောပိုင်းနှစ်တွေကတည်းက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ထုတ်ဖော်တင်ပြခဲ့တဲ့ ကချင်ပြည်နယ်အတွင်း ပြဿနာတွေဟာ ခုအချိန်မှာ ပိုမိုကြီးထွားလာနေပြီဖြစ်ကြောင်း မီးမောင်းထိုးပြ နေပါတယ်။ ဒီပြဿနာများထဲမှာ မြေယာဆုံးရှုံးခြင်း ၊ လူမှုအသိုင်းအဝိုင်းကြားစည်းနှောင်မှုယိုယွင်းလာခြင်း ၊ ရေညစ်ညမ်းမှုဖြစ်ခြင်း ၊ မြစ်ကမ်းပါးများတိုက်စားခံရခြင်း စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် ဒီအင်တာဗျူး ဖြေကြားချက်တွေက သယံဇာတထုတ်ယူမှုနဲ့ လက်နက်ကိုင်ပဋိပက္ခကြား ဆက်စပ်မှုအကြောင်း အခိုင်အမာရှိထား[2] ပြီးသား မှတ်တမ်းတွေနဲ့လည်း ကိုက်ညီမှုရှိနေပါတယ်။

ရွှေကျောက်စိမ်းသစ် စတဲ့ကချင်ပြည်နယ် သဘာဝသယံဇာတတွေဟာ မြန်မာစစ်တပ်နဲ့ ကေအိုင်အို အပါအဝင် လက်နက်ကိုင်အစုအဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်လာခဲ့တာ ကြာပါပြီ။ အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း ကေအိုင်အိုဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်လာခဲ့သလို မြန်မာစစ်အုပ်စုဆန့်ကျင်ရေး တစ်ပြည်လုံးအတိုင်းအတာ လူထုအုံကြွမှုမှာ ပူး‌ပေါင်းပါဝင်လာခဲ့တာကြောင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲပိုမိုတိုးများလာခဲ့ပါတယ်။ ဒီအခြေအနေက ကချင်ပြည်နယ်အတွင်း ဒေသခံလူမှုအသိုင်းအဝိုင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုဖြစ်စေတဲ့ ပဋိပက္ခအတွင်း သယံဇာတထုတ်ယူမှုစီးပွားရေး ဖွံ့ဖြိုးကြီးထွားလာဖို့ အကောင်းဆုံးအနေအထားတစ်ခု ဖန်တီးပေးခဲ့ပါတယ်။

မြန်မာစစ်တပ်ဖြစ်စေ ၊ ကေအိုင်အို ဖြစ်စေ ၊ ပြည်သူ့စစ်ဖြစ်စေ ဘယ်သူက ထိန်းချုပ်ထားကြောင်း ကြေညာထားတဲ့ နေရာဖြစ်နေပါစေ ဒီနေရာတွေကို လက်လှမ်းမှီတဲ့ဘယ်အဖွဲ့မဆို ရွှေတူးဖော်ရေး လုပ်ငန်းတွေဆီက အခွန်အခတွေ ကောက်နိုင်ခြေများပါတယ်။ ဒါပေမယ့် တစ်ဖွဲ့မှ စနစ်တစ်ကျ ကြတ်မတ်ဆောင်ရွက်တာမျိုး မရှိဘူးလို့ ဒေသခံသတင်းအရင်းအမြစ်တွေက Frontier ကိုပြောပါတယ်။

ကေအိုင်အိုဟာ သူ့ထိန်းချုပ်နယ်မြေပြင်ပက ဒေသတွေအပေါ် လွှမ်းမိုးမှုပိုအားကောင်းလာဖို့နဲ့ အများပြည်သူကြား တရားဝင်မှုပိုမိုခိုင်မာလာဖို့ လုပ်ဆောင်နေတာကြောင့် ရွှေတူးဖော်ရေးကိစ္စမှာလည်း ကိုင်တွယ်ဖြေရှင်းမှုတွေ ပိုမိုလုပ်ဆောင်လာတာ မြင်တွေ့လိုတယ်လို့ သူတို့ကပြောကြပါတယ်။

“လက်ရှိအချိန်မှာ ကေအိုင်အိုကို ကျွန်တော်တို့ရဲ့မိဘလို [3] ၊ အစိုးရလိုမြင်ပါတယ်” လို့ဆွမ်ပရာဘွမ်မြို့နယ်၊ ဖောင်အင်ယန်းကျေးရွာက နော်ဂျာ*ကပြောပါတယ်။ “အစိုးရကို ရွှေတူးဖော်မှုကိစ္စတွေ ကိုင်တွယ်ဖြေရှင်းပေးစေချင်ပါတယ် ... (ပြီးရင်) သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်စေချင်တယ်။”

A map of Kachin State, highlighting some areas where gold mining is occurring.

သဲထူထပ်နေတဲ့မြေကော

အစဉ်အလာအားဖြင့် ကချင်ပြည်နယ် ဒေသခံတွေဟာ ကျင်ခွက်သုံးပြီးဖြစ်စေ အခြေခံရေငုတ်နည်းလမ်းတွေ သုံးပြီးဖြစ်စေ ရွှေရှာကြပေမယ့် ၁၉၉၄ ခုနှစ် မြန်မာစစ်တပ်နဲ့ကေအိုင်အိုကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးတဲ့နောက်ပိုင်းမှာတော့ စက်ယန္တရားသုံးရွှေတူးဖော်မှုတွေ စတင်ဝင်ရောက် လာခဲ့ပြီး မြန်မာစစ်တပ်က သယံဇာတတူးဖော်ရေးလုပ်ပိုင်ခွင့်တွေ အများအပြားချပေးခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်းမှာ ရွှေတူးဖော်မှုတွေဟာ တစ်ကြိမ်တစ်ခါမှမရှိဖူးတဲ့ အတိုင်းအတာအထိ များလာခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “အာဏာသိမ်းမှုဖြစ်ပြီးတော့ လူတွေက သဘာဝ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ ရွှေတူးကြတယ်” လို့ဖုန်အင်ယန်ကျေးရွာက နော်ဂျာကပြောပါတယ်။ “ရွှေတူးသမားတွေက ပြီးသွားရင် တူးထားတဲ့ နေရာတွေကို ဒီလိုပဲပစ်ထားကြတယ်။ နွားတွေအများကြီး ရွှေတွင်းဟောင်းထဲကျပြီး သေကုန်တယ်။”

ဒါ့အပြင် မြစ်ချောင်းတွေဟာ ရွှံ့ထူလာပြီး နုန်းတွေအနည်ထိုင်လာတာကြောင့် အ‌ရောင်ပြောင်းတာ ၊ ရွှေတူးသူတွေဟာ ပြဒါးကိုအကာအကွယ်မပါပဲ ပုံမှန်အသုံးပြုခြင်းနဲ့စွန့်ပစ်ခြင်း လုပ်ကြတာ ၊ ရေအလွန်နည်းလာတာကြောင့် သောက်ဖို့ သုံးဖို့ ငါးဖမ်းဖို့နဲ့ စိုက်ပျိုးရေးလုပ်ဖို့ ခက်ခဲလာတာ စတာတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုကြပါတယ်။

ရွှေတူးဖော်ရေးလုပ်ငန်းတွေဟာ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အပါအဝင် သဘာဝ ပတ်ဝန်းကျင်အရ ထိခိုက်လွယ်တဲ့ နေရာတွေထဲအထိ တိုးများလာနေပါတယ်။ ရွှေတူးဖော်မှုတွေဟာ အထူးသဖြင့် မမုန်ကိုင်နဲ့ မိုင်းနောင်ကျေးရွာတွေဘက်ကို ပျံနှံ့လာနေတယ်လို့ အင်းတော်ကြီးကန် အနောက်တောင်ဘက်က ကျေးရွာ**တစ်ခုမှာ နေထိုင်နေတဲ့ လာရင်း*ကပြောပါတယ်။ ဒါ့အပြင် နမ်ယင်ခသဘာဝထိန်းသိမ်းရေး နယ်မြေထဲကိုလည်း ရွှေတူးဖော်မှုတွေ ဝင်ရောက်လာနေပြီး အာဏာပိုင်တွေက စောင့်ကြည့်ဖို့ ပျက်ကွက်ရုံသာမက ဒီနေရာထဲက ရွှေတူးဖော်ရေးလုပ်ငန်းတွေကနေ အကျိုးအမြတ်တွေ ရနေကြတယ်လို့ သူကဆိုပါတယ်။ “ရွှေတူးဖော်ရေးကြောင့် သစ်တောတွေဟာ သဲထူထပ်တဲ့မြေကောတွေ ဖြစ်ကုန်တယ်” လို့သူကပြောပါတယ်။

ရွှေတူးဖော်မှုတွေများလာတာကြောင့် လူမှုရေးဆိုးကျိုးသက်ရောက်မှုတွေလဲ ဖြစ်လာနေပါတယ်။ တစ်ချို့ရွှေတူးဖော်တဲ့ဒေသတွေကို မူးယစ်ဆေးဝါးအများအပြား ဝင်ရောက်လာနေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ချို့က Frontier ကိုရှင်းပြကြပါတယ်။ “ရွှေတူးသမားတွေ မူးယစ်ဆေးစွဲလာတဲ့အခါ သူဌေးတွေက ဆေးဖိုးအတွက် သူတို့ရဲ့လုပ်အားခထဲက ဖြတ်ကြပါတယ်။ အလုပ်ရှင်တွေ အားလုံးနီးပါးဟာ သူတို့အလုပ်သမားတွေကို မူးယစ်ဆေးရောင်းကြတယ်” လို့လရိန်းကပြောပါတယ်။

ရွှေတူးဖော်ရေးအဆင်ပြေအောင် လုပ်ပေးနေသူတွေ ဒါမှမဟုတ် ဒီလုပ်ငန်းတွေကနေ အကျိုးအမြတ် ရနေသူတွေလို့ အများကသတ်မှတ်ထားတဲ့သူတွေနဲ့ ဒါတွေကိုဆန့်ကျင်နေသူတွေအကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ရွှေတူးဖော်မှုလုပ်ငန်းမှာ ပါဝင်နေသူတွေ ဒါမှမဟုတ် မြေရောင်းဝယ်မှုအတွက် ပွဲစားလုပ်ပေးနေသူတွေဟာ ကက်သလစ်ဂိုဏ်းဝင်တွေဖြစ်ကြပြီး ဒါတွေကိုတားဆီးဖို့ နှစ်ခြင်းအသစ်တော်က ဦးဆောင်ကြိုးစားနေတာကြောင့် ရွာမှာရှိတဲ့ အသင်းတော်နှစ်ခုကြား အဆင်မပြေမှုတွေ ဖြစ်လာနေတယ်လို့ နမ်ဆန်ယန်နှစ်ခြင်းအသင်းတော်ရဲ့ အသင်းဝင်တစ်ဦးဖြစ်သူ မွန်းအောင်ကပြောပါတယ်။

၂၀၁၉ ခုနှစ်မှာ ကက်သလစ်အသင်းဝင်အများစုပါတဲ့ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးသူ (IDP) တစ်စုဟာ မြန်မာစစ်တပ်ရဲ့ အငြင်းပွားဖွယ်ရာအစီအစဉ်တစ်ခုနဲ့ နမ်ဆန်ယန်မှာ ပြန်လည်အခြေချနေထိုင်ခဲ့ကြပြီး နှစ်ခြင်းအသင်းဝင်အများစုကတော့ စစ်ရှောင်စခန်းတွေမှာပဲ ဆက်နေခဲ့ကြတဲ့ကိစ္စ ဖြစ်ခဲ့တဲ့အချိန်ကစလို့ အခြေအနေတင်းမာမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ “လက်ရှိရွှေတူးဖော်မှုတွေအကုန်လုံးကို အရင်ပြန်လာခဲ့တဲ့ ဒီလူတစ်စုကပဲ လုပ်နေတာဖြစ်ပြီး သူတို့ကပွဲစားလည်း လုပ်ကြတယ်” လို့မွန်းအောင်ကပြောပါတယ်။ “သူတို့က IDP စခန်းမှာနေတဲ့သူတွေနဲ့ အခြားနေရာက သူတွေကိုခေါ်ပြီးမြေရောင်းဖို့စည်းရုံးကြတယ်”

မချမ်းဘောမြို့ အနောက်ဘက် မလှမ်းမကမ်းမှာရှိတဲ့ မလိခမြစ်ပေါ်က ရွာတစ်ရွာမှာ** လီဆူလူမျိုးအများအပြား မြေတွေရောင်းလိုက်ကြတယ်လို့ ထွန်းဂျာ*ကပြောပါတယ်။ “ရွှေတူးသမားတွေက (လီဆူတွေကို) သူတို့မြေတွေ ရောင်းဖို့ စည်းရုံးသိမ်းသွင်းကြတယ်။ ဒါကြောင့် တခြားလူမျိုးရွာသားတွေက ဘာကြောင့်လဲ သူတို့ကိုမေးကြတယ်။ မရောင်းဖို့ ကျွန်တော်တို့က သူတို့ကိုစည်းရုံးဖို့လိုတယ်” လို့သူကပြောပါတယ်။ ဒီလိုရောင်းလိုက်တဲ့သူတစ်ချို့က စီးပွားရေးသမားတွေကို အများပြည်သူသုံးလမ်းတွေ ၊ ရေပေးဝေရေးမြောင်းတွေ ဖောက်ပေးဖို့ ပြန်လည်တောင်းဆို ကြတယ်လို့ ထွန်းဂျာကပြောပါတယ်။ “စီးပွားရေးသမားတွေဆီက ဘာကြောင့် အကူအညီမယူသင့်ဘူးလဲဆိုတာ သူတို့ကိုရှင်းပြဖို့လိုတယ် ... စီးပွားရေးသမားတွေဟာ ပရဟိတအဖွဲ့အစည်းတွေ မဟုတ်ဘူး။ သူတို့က အကျိုးအမြတ်ရှာကြတယ်” လို့ သူကဆိုပါတယ်။

The remains of the Nam San Yang village cemetery after most of it was dug up for gold mining. (Yawng Htang | Frontier)

သံသရာဆိုးတစ်ခု

ရွှေတူးသမားအများအပြားဟာ ကချင်ပြည်နယ်နဲ့ မြန်မာပြည်တစ်ခွင်က လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ပေမယ့် ဒေသခံတွေအနေနဲ့လည်း အခြားရွေးချယ်စရာ သိပ်မရှိတာကြောင့် သူတို့နေတဲ့ရွာတွေမှာ ရွှေတူးဖော်မှုတွေလုပ်လာကြပါတယ်။ “ဒေသခံရွှေတူးသမားတွေဟာ ဒီလိုလုပ်ရတဲ့အပေါ် စိတ်မကောင်းဖြစ်ကြပေမယ့် သူတို့စားဝတ်နေရေးအတွက် လုပ်ရတာပါပဲ” လို့ ဝိုင်းမော်မြို့နယ်၊ နောက်ချိန်းကျေးရွာက ဘရန်နော်*ကပြောပါတယ်။

အင်းတော်ကြီးကန် အနောက်တောင်ဘက်က လယ်ယာလုပ်သားအများအပြား ရွှေတူးတဲ့အလုပ်ဘက် ပြောင်းလုပ်လာကြတယ်လို့ လာရင်းကပြောပါတယ်။ “စပါးစိုက်တဲ့အလုပ်က မယှဉ်နိုင်ပါဘူး” လို့သူကဆိုပါတယ်။ “ဒေသခံလယ်သမားတွေဟာ အလုပ်သမားတွေကို တရက်လုပ်အားခ တစ်သောင်း (၅ ဒေါ်လာ) မပေးနိုင်ကြပေမယ့် ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေက ပေးနိုင်ကြတယ်။”

တနိုင်းမြို့နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Hukawng Land Development Program အဖွဲ့က ဇော်မန်အောင်ရဲ့အဆိုအရ ဒေသခံပြည်သူတွေဟာလည်း ဟူးကောင်းဂျိုင့်ဝှမ်းမှာ ရွှေတူးတဲ့အလုပ်ကို ပိုပြီး‌ပြောင်းလဲလုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။ ဟူကောင်းဂျိုင့်ဝှမ်းမှာ ကြီးမားတဲ့ဘေးမဲ့တောရှိပြီး ရွှေတူးဖော်မှုအလွန်များတာကြောင့် သစ်တောနဲ့ ဒေသခံလယ်ယာမြေအခွင့်အရေး ထိခိုက်ပျက်စီးမှုတွေကြုံတွေ့လာခဲ့တာ ကြာပြီဖြစ်တယ်။

“တစ်ချို့လူတွေက (ရွှေတူးတာဟာ) သဘာဝပတ်ဝန်းကျင်အတွက် မကောင်းဘူးဆိုတာ သိကြပါတယ်။ ဒါပေမယ့် သူတို့မှာ ရွေးချယ်စရာမရှိဘူး” လို့ဇော်မန်အောင်ကပြောပါတယ်။ ဇော်မန်အောင်ရဲ့အဖွဲ့ဟာ ရွှေတူးဖော်မှုတွေကို တားမြစ်ပိတ်ပင်မှု လုပ်သင့်မလုပ်သင့် ဒေသခံလူငယ်တွေကြား စကားရည်လုပွဲတစ်ခုကို ဇွန်လ ၊ (၅) ရက်နေ့မှာ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ “အထူးသဖြင့်ခုလိုအချိန်မျိုးမှာ သူတို့ကရသမျှအကုန်ယူကြတယ်။ မနက်ဖန်ဆိုတာ သူတို့အတွက် မသေချာဘူး။ ဒါကြောင့် သူတို့ကလက်ရှိအချိန်မှာ လုပ်ကြတာဖြစ်တယ်”

လူတွေကို မြေတွေရောင်းလိုက်အောင် တွန်းအားပေးနေတဲ့ အခြားအကြောင်းအရင်းတွေ နဲ့ပတ်သက်လို့လည်း ဒေသခံသတင်းအရင်းအမြစ်တွေက ရှင်းပြကြပြီး တစ်ချို့နေရာတွေမှာ မြေသိမ်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။ အင်းတော်ကြီးကန် အနောက်တောင်ဘက်က လယ်ယာမြေ ပိုင်ဆိုင်သူအများအပြားဟာ “ငွေအမြောက်အများ ချက်ချင်းအလုံးအရင်းနဲ့ဝင်တာကြောင့်” သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ရောင်းလိုက်ကြတယ်လို့ လရိန်းကပြောပါတယ်။ ဒါပေမယ့် တစ်ချို့ဖြစ်စဉ်တွေမှာတော့ ရွှေတူးသမားတွေက “သူတို့လယ်မြေပေါ်မှာ အမှိုက်လာစွန့်ပစ်ကြတာကြောင့် မြေပိုင်တွေအနေနဲ့ တစ်ခြားရွေးချယ်စရာ မရှိတော့ဘူး” လို့သူကဆိုပါတယ်။

မချမ်းဘောအနောက်ဘက်မှာ IDP စခန်းတွေထဲကလူတွေရဲ့ မြေတွေအပါအဝင် မရောင်းရသေးတဲ့ မြေတွေပေါ်မှာ တစ်ချို့ရွှေတူးဖော်မှု လုပ်နေကြတာတွေလည်းရှိတယ်လို့ ထွန်းဂျာကပြောပါတယ်။ “(ရွှေတူးသမားတွေကို) သွားမေးတော့ အထက်မှာလိုအပ်တာတွေအကုန် လုပ်ပြီးသွားပြီလို့ ပြန်ပြောကြတယ်။ သူတို့မှာ လုပ်ပိုင်ခွင့်ရှိမရှိ ကျွန်တော်တို့မသိပါဘူး” လို့သူကဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေပေမယ့် လူသားချင်းစာနာမှုအကူအညီတွေ တဖြေးဖြေး လျော့နည်းလာတာကြောင့် နှစ်ပေါင်းများစွာ မြေတွေမရောင်းပဲထားလာတဲ့ တစ်ချို့ IDP တွေဟာ ခုချိန်မှာ သူတို့မြေတွေကို ထုတ်ရောင်းလာကြပါတယ်။ “လူအတော်များများကတော့ သူတို့မြေတွေကိုရောင်း ၊ မြို့မှာမြေပြန်ဝယ်ပြီး အခြေချနေထိုင်ဖို့ တွေးကြတယ်” လို့ နမ်ဆန်ယန်က မွန်းအောင်ကပြောပါတယ်။

ဒါပေမယ့် မြေသိမ်းမှုတွေနဲ့ ကြိုတွက်မထားတဲ့ မြေယာဆုံးရှုံးမှုတွေလည်း အဖြစ်များတယ်လို့ မွန်းအောင်က ဆိုပါတယ်။ “တစ်ချို့မြေတွေမှာ ပိုင်ရှင်ဆန္ဒမရှိပဲ ဒါမှမဟုတ် ပိုင်ရှင်မသိပဲ တူးကြတယ်။ တစ်ချို့ဖြစ်စဉ်တွေမှာတော့ ဘေးအိမ်တွေက ရွှေတူးကြတာကြောင့် သူတို့ခြံထဲကမြေတွေ ပျက်စီးတာ ၊ ပြိုကျတွေ ဖြစ်ကုန်တယ်။ (စီးပွားရေးသမား) တစ်ချို့က သူတို့ဝယ်တဲ့မြေအတွက် ငွေအကြေမချေပဲ ပျောက်သွားကြတာလည်းရှိတယ်” လို့သူကပြောပါတယ်။

ဒီအခြေအနေက အပြန်အလှန်သက်ရောက်မှုသံသရာဆိုးထဲ ကျွံဝင်သွားအောင် အားပေးနေတယ်။ သူတို့ရဲ့မြေကို အနီးကပ်မစောင့်ကြည့်နိုင်တာကတစ်ကြောင်း ၊ နောက်ဆုံးမှာ လက်လွတ်လိုက်ရမှာပဲဆိုပြီး စိုးရိမ်ကြတာက တစ်ကြောင်း စတာတွေကြောင့် IDP အများအပြားဟာ မြေတွေ‌ထုတ်ရောင်းနေကြပါတယ်။ ဒီလိုရောင်းတဲ့လူ ရှိလာတဲ့အခါ ကျန်တဲ့လူတွေ‌ကိုလည်း စျေးနည်းနည်းနဲ့ရောင်းဖို့ ပိုပြီးတွန်းအားဖြစ်စေတယ်။ “မြေပိုင်ရှင်တွေဟာ မိုးရွာပြီးမြေပြိုလို့ဖြစ်စေ ၊ သူတို့မသိပဲ ရွှေတူးကြလို့ဖြစ်စေ သူတို့မြေတွေဆုံးရှုံးရမှာ စိုးရိမ်ကြတာကြောင့် တစ်ယောက်ပြီးတစ်ယောက် မြေတွေထုတ်ရောင်းနေကြတယ်” လို့ ဘောက်နူးကပြောပါတယ်။

A gold mining pit in Nam San Yang in May of this year. (Frontier)

အကူအညီတောင်းခံခြင်း

ရွှေတူးဖော်မှုတွေကို ဆန့်ကျင်ဖို့ကြိုးစားတဲ့ ဒေသခံတွေဟာ သူတို့ကို ဘယ်လက်နက်ကိုင်အစုအဖွဲ့ ဒါမှမဟုတ် ဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှ အားပေးထောက်ခံတာ မရှိဘူးလို့ ခံစားရကြောင်းနဲ့ ဒီကိစ္စအပေါ် ထုတ်ဖော်ပြောဆိုမှုကြောင့် လူမှုရေးတန်ပြန်ရိုက်ခတ်မှုတွေသာမက ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ ကြုံတွေ့ရမှာလည်း စိုးရိမ်ကြောင်းပြောကြပါတယ်။ “ရွှေတူးသမားတွေ ကျွန်တော်ကို[4] သတိထားမိလာတာကြောင့်[5] ကျွန်တော်မလုံမခြုံ ခံစားရတယ်” လို့ထွန်းဂျာကပြောပါတယ်။ ထွန်းဂျာဟာ မချမ်းဘောအနီးက အခြားဒေသခံတွေနဲ့အတူ ကေအိုင်အိုရဲ့ နယ်မြေခံတာဝန်ရှိသူတွေကို နှုတ်နဲ့မေတ္တာရပ်ခံတာ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို စာရေးသားတောင်းဆိုတာ လုပ်ခဲ့တဲ့အပြင် သစ်သားဆိုင်းဘုတ်တွေထောင်ပြီး ရွှေတူးသမားတ[6] ွေမလာဖို့ သတိပေးတာမျိုးတွေလည်းလုပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ဘာမှမထူးခြားလာပါဘူး။

အင်းတော်ကြီးကန်အနီးမှာနေတဲ့ လရိန်းကလည[7] ်း ရွှေတူးဖော်နေမှုတွေကို ဆန့်ကျင်ပြောဆိုလာတာကြောင့် သူ့အနေနဲ့ မလုံမခြုံခံစားရတယ်လို့ပြောပါတယ်။ သစ်တောထိန်းသိမ်းရေးအဖွဲ့နဲ့ ကေအိုင်အိုတာဝန်ရှိသူတွေကို သူ့အနေနဲ့ မေတ္တာရပ်ခံမှုတွေလုပ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ဘာမှဖြစ်မလာသေးပါဘူး။ “ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ကေအိုင်အိုက ဘာမှအရေးယူဆောင်ရွက်တာ မရှိပါဘူး။ သူတို့က အဲ့ဒီကနေ အခွန်ကောက်ခံနေတာပါ။[8] စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကလည်း ဘာမှအရေးယူမှုမရှိကြဘူး” လို့ စစ်အုပ်စုရဲ့ တရားဝင်နာမည်ဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုရည်ညွှန်းပြီး သူကပြောပါတယ်။

နမ်ဆန်ယန်နှစ်ခြင်းအသင်းတော်ဟာ ‌ရွာထဲမှာရွှေတူးတာတွေရပ်ဖို့ ၂၀၁၃ ခုနှစ်လောက်ကတည်းကစပြီး လူကိုယ်တိုင်သော်လည်းကောင် စာနဲ့သော်လည်းကောင်း ကေအိုင်အိုကို တင်ပြတောင်းဆိုမှုတွေ လုပ်လာခဲ့ပေမယ့် ပြတ်သားတဲ့‌ အရေးယူဆောင်ရွက်မှုတွေ မတွေ့ရသေးတဲ့အပေါ် စိတ်အနှောက်အယှက် ဖြစ်မိတယ်လို့ မွန်းအောင်ကပြောပါတယ်။ “ကျွန်တော်တို့ဒေသက လယ်ယာမြေတွေ ဒါမှမဟုတ် အိမ်တွေကို ကေအိုင်အိုရဲ့ ပါဝင်ပတ်သက်မှုမရှိပဲ ရောင်းဝယ်လို့မရပါဘူး။ ‘ငါတို့က အစိုးရမဟုတ်ဘူး ၊ တော်လှန်ရေး အဖွဲ့အစည်းဖြစ်တယ်’ လို့သူတို့ပြောပေမယ့် ကျွန်တော်နားလည်သလောက်က ကျွန်တော်တို့ဆီက တစ်ခုခုယူဖို့ လိုအပ်ရင် သူတို့ကကျွန်တော်တို့ရဲ့ အစိုးရဖြစ်တယ်လို့ပြောပြီး ကျွန်တော်တို့အတွက် ပြဿနာဖြေရှင်းပေးဖို့ လိုအပ်လာတဲ့အခါကျရင်တော့ သူတို့ကတော်လှန်ရေးအဖွဲ့အစည်းသာ ဖြစ်တယ်လို့ပြောကြပြန်တယ်”

ခုလို အများသိအောင်ထုတ်ပြောတာဟာ ကေအိုင်အိုကိုဆန့်ကျင်ရာလည်း ‌ရောက်တာကြောင့် ကြုံလာနိုင်မယ့် နောက်ဆက်တွဲတွေအတွက် စိုးရိမ်မိတယ်လို့ သူကဆိုပါတယ်။ “ကျွန်တော်တို့ဒေသမှာက သူတို့မကောင်းကြောင်း ပြောရတာမလွယ်ပါဘူး။ စစ်ကောင်စီ[9] မကောင်းကြောင်းပြောရင် လူထုတစ်ရပ်လုံးက ထောက်ခံကြပေမယ့် ကေအိုင်အိုမကောင်းကြောင်းပြောရင် လူတွေကကျွန်တော်တို့ကို ရူးနေတယ်လို့ ထင်ကြပါလိမ့်မယ်။”

ကေအိုင်အိုအနေနဲ့ သူတို့ရဲ့ထိန်းချုပ်နယ်မြေတွေထဲက ရွှေတူးဖော်တဲ့လုပ်ငန်းတွေအားလုံးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အားလုံးရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်းနဲ့ သူတို့ရဲ့ သတ်မှတ်ချက်အရ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ချို့ပါဝင်တဲ့ ကချင်မြေထဲမှာ လုပ်ငန်းသစ်အတွက် ခွင့်ပြုထားတာ မရှိဘူးလို့ ဧပြီလတုန်းက ဖုန်းအင်တာဗျူးမှာ ဗိုလ်မှူးကြီးနော်ဘူက Frontier ကိုပြောပါတယ်။ [10] “ကျွန်တော်တို့က တော်လှန်ရေး အဖွဲ့အစည်းဖြစ်ပေမယ့် ကျွန်တော်တို့မြေကို ကာကွယ်ဖို့အတွက် တာဝန်ယူမှု၊တာဝန်ခံမှု ရှိပါတယ်” လို့သူကဆိုပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေပြင်ပက ရွှေတူးဖော်မှုတွေကိုတော့ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်နိုင်တာကြောင့် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတစ်ချို့က “အခွင့်အရေးယူနေကြတာဖြစ်ကြောင်း” သူကပြောပါတယ်။ “တရားဝင်ဆွေးနွေးမှုလမ်းကြောင်း မရှိတော့ဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဆွေးနွေးမှုလုပ်လို့မရတော့ဘူး။ ကျွန်တော်တို့ဟာ စစ်ပွဲကာလထဲ ရောက်နေတာကြောင့် ဥပဒေတွေကို ထိထိ‌ရောက်ရောက် အကောင်အထည်ဖော်နိုင်ခြင်း မရှိဘူး” လို့သူကပြောပါတယ်။

ကေအိုင်အိုအနေနဲ့ မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတစ်ချို့မှာရှိတဲ့ ရွှေတူးဖော်မှုလုပ်ငန်းတွေကနေ အခွန်ကောက်နေတာတွေရှိကြောင်းလည်း သူကဝန်ခံခဲ့ပြီး ဒါပေမယ့် ဒါတွေကို မြေပြင်အဆင့်မှာ ကိုင်တွယ်ကြတာကြောင့် ကောက်ခံတဲ့ပမာဏနဲ့ တည်နေရာအသေးစိတ်အချက်အလက်တွေ သူ့ဆီမှာမရှိဘူးလို့ ဆိုပါတယ်။ “အခွန်ကောက်သင့်တော်တဲ့ နေရာတွေကောက်ဖို့ ရုံးတွေအကုန်လုံးကို ကျွန်တော်တို့ ညွှန်ကြားထားပါတယ်” လို့သူက ဇွန်လတုန်းကပြောခဲ့ပါတယ်။ ကေအိုင်အိုဗဟိုကော်မတီအနေနဲ့ အဖွဲ့ဝင်တွေကို မသမာတဲ့ကိစ္စတစ်ခုမှ ပါဝင်ပတ်သက်မှုမလုပ်ကြဖို့ သတိပေးထားတယ်လို့လည်း သူကပြောပါတယ်။

နမ်ဆန်ယန်မှာ ရွှေပြန်လည်တူးဖော်မှုတွေရှိနေကြောင်း ပြောကြားချက်တွေနဲ့ပတ်သက်ပြီး ဖြေကြားပေးဖို့ ဇွန်လ (၂၃) ရက်နေ့ နောက်ဆက်တွဲ ဖုန်းခေါ်ဆိုမှုမှာ မေးမြန်းတဲ့အခါ ကေအိုင်အိုအနေနဲ့ ဒီရွာထဲမှာရှိတဲ့ ရွှေတူးဖော်မှုတွေအကုန် ရပ်ဆိုင်းလိုက်ပြီးဖြစ်တယ်လို့ ထပ်လောင်းပြောဆိုခဲ့ပြီး ဒီရွာမှာ အခွန်တစ်ခုမှ ကောက်ခံနေတာ မရှိဘူးလို့လည်း သူကပြောပါတယ်။

“ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေသုံးပြီး အခြေအနေကို စစ်ဆေးမှုတွေလုပ်ရင် အခက်အခဲတစ်ချို့ ရှိနိုင်ပါတယ်။ ဒါမှမဟုတ်လည်း (ရွှေတူးဖော်ရေးကို) ခွင့်ပြုထားသူတွေနဲ့[11]ပစ်ခတ်မှုတွေ ဖြစ်နိုင်ပါတယ်” လို့သူကထပ်ပြောပါတယ်။ “ဒီလိုအခြေအနေမှာ တစ်ချို့လူတွေက ကျွန်တော်တို့ကိုလှည့်စားပြီး ရွှေဆက်တူးနေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကေအိုင်အိုအနေနဲ့ အဲ့ဒီဒေသမှာ ရွှေတူးဖော်တာကို အတိအလင်း တားမြစ်ထားပြီးဖြစ်ကြောင်း ထပ်ပြောချင်ပါတယ်”

Groundwater is suctioned through a bamboo sluice tray to separate out particles of gold (Yawng Htang | Frontier)

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ကချင်လူမျိုး ဒေါက်တာခလမ်(င်)တူးခေါင်နဲ့လည်းFrontier ကစကားပြောခဲ့ပါတယ်။ ကေအိုင်အိုရဲ့ အခွန်စနစ်အကြောင်း ပြောတဲ့အခါ စစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေတဲ့ သူတို့ရဲ့ ဆက်စပ်အခြေအနေကို ထည့်သွင်းစဉ်းစားပြီး ပိုမိုကျယ်ပြန့်တဲ့ရှုထောင့်ကနေကြည့်ဖို့ အရေးကြီးတယ်လို့ သူကပြောပါတယ်။ “ကေအိုင်အိုဟာ ဒေသခံ တော်လှန်ရေးအဖွဲ့အစည်း အများအပြားကို ထောက်ပံ့ကူညီပြီး သူတို့နဲ့ ပူး‌ပေါင်းဆောင်ရွက်မှုတွေလည်း လုပ်နေပါတယ်။ သူတို့ကို အခွန်မကောက်ဖို့ပြောရင် ခုလိုတော်လှန်ရေးကာလမှာ သူတို့အတွက် ဘယ်ကပိုက်ဆံဝင်မှာလဲ” လို့သူကပြောပါတယ်။

ကချင်ပြည်နယ်တစ်ဝှမ်းမှာ အုပ်ချုပ်ရေးအတွက် ယှဉ်ပြိုင်မှုတွေရှိနေတာကြောင့် ရွှေတူးဖော်မှု စောင့်ကြည့်ရေးနဲ့ ကြတ်မတ်ဆောင်ရွက်ရေးကိစ္စဟာ ပိုမိုရှုပ်ထွေးမှုတွေရှိနေပြီး ခွင့်ပြုမိန့်တွေရဲ့ တရားဝင်မှုနဲ့ ပတ်သက်ပြီးတော့လည်း မရေရာမှုတွေဖြစ်နေပါတယ်။ ဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့အစိုးရ လက်ထက်က ထုတ်ပေးခဲ့တဲ့ မြေ (၄) ဧကပေါ်က အသေးစား ရွှေတူးဖော်ရေးလုပ်ငန်း ခွင့်ပြုချက်လိုင်စင် (၂၃၆) ခုလည်း အပါအဝင်ဖြစ်တယ်။

ရွှေတူးဖော်မှုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ပထမဦးစားပေးလုပ်သင့်တာက စစ်အာဏာရှင် အမြစ်ပြတ် ခြေမှုန်းရေးဖြစ်တယ်လို့ ဒေါက်တာတူးခေါင်ကပြောပါတယ်။ “သဘာဝသယံဇာတတွေ ကာကွယ်ဖို့နဲ့ ရွှေတူးဖော်မှုတွေ ပိတ်သိမ်းဖို့ ကျွန်တော်တို့ဆီမှာ ရေရှည်တည်မြဲတဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်တဲ့နိုင်ငံရေး ရှိဖို့လိုတယ် ... ရွှေတူးဖော်မှုတွေအကုန်လုံး လိုက်ပိတ်နေရင် ဒီလုပ်ငန်းတွေကနေ ဝင်ငွေရနေသူတွေ ဒေါသထွက်ကြလိမ့်မယ်”

ဒါပေမယ့် ကချင်ပြည်နယ်အတွင်းက ရွှေတူးဖော်မှုတွေနဲ့ ပတ်သက်တဲ့ စီရင်ဆုံးဖြတ်ခွင့်ဟာ ကြားကာလ ကချင်နိုင်ငံရေးညှိနှိုင်းရေးအဖွဲ့(KPICT) ဆီမှာရှိတာကြောင့် သူ့ရဲ့ဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုန့်ပြန်ဆောင်ရွက်သွားဖို့ အစီအစဉ်မရှိဘူးလို့ သူကပြောပါတယ်။ KPICT ဟာ ကချင်ပြည်နယ် ကြားကာလ နိုင်ငံရေးအဖွဲ့အစည်းဖြစ် တာဝန်ယူလုပ်ဆောင်နေပြီး သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂွမ်ဆန်းအန်ဆန်းက Frontier ရဲ့ အီးမေးလ်ကတစ်ဆင့် မှတ်ချက်တောင်းခံမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။

ကြတ်မတ်ဆောင်ရွက်မှုတွေလုပ်ဖို့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရှိတဲ့အထိ စောင့်ရမယ်ဆိုတာက ရွှေတူးဖော်မှုရဲ့ ဆိုးကျိုးသက်ရောက်မှု ကြုံတွေ့နေရသူတွေအတွက် သိပ်ပြီးကျေနပ်မှုရှိစရာတော့ မကောင်းဘူးလို့ Frontier ကအင်တာဗျူးခဲ့သူတွေက ဆိုကြပါတယ်။ “(ကေအိုင်အိုဟာ) ကချင်ပြည်နယ်အတွက်နဲ့ ဖက်ဒရယ် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လာခဲ့တာ နှစ်ပေါင်း (၆၀) ကျော်ရှိပြီဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ မြေယာနဲ့သဘာဝပတ်ဝန်းကျင်တွေကတော့ ရွှေတူးဖော်မှုတွေကြောင့် ပျက်စီးမှုတွေ ဖြစ်နေပါတယ်” လို့မြစ်ဆုံဒေသက အရပ်ဘက်လူမှုအဖွဲ့အစည်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ မြစ်ဆုံမှာ စက်ယန္တရားတွေနဲ့ ရွှေတူးဖော်နေတာတွေကိုရပ်ဖို့ အမျိုးသမီး (၁၀၀) ဝန်းကျင်က ပြီးခဲ့တဲ့ ဇွန်လ ၊ (၅) ရက်နေ့မှာ စုပေါင်းဆန္ဒပြမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပြည်သူတွေရဲ့အသံ ပိုမိုအားကောင်းလာတာနဲ့အမျှ KIO ဘက်ကတုန့်ပြန်မှုတွေ ရှိလာလိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း အင်ဒီယားနားတက္ကသိုလ် O’Neill School of Public and Environmental Affairs မှာ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုနှင့် သယာဝသယံဇာတစီမံခန့်ခွဲရေးမူဝါဒ မဟာဘွဲ့တက်ရောက်နေတဲ့ ကချင်ကျောင်းသား ဆိုင်းခွမ[12] ်ကပြောပါတယ်။

“ခုလိုကချင်မြေအစိုးရအဖြစ် တာဝန်ယူဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သူတို့အနေနဲ့ အများပြည်သူရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု ၊ တာဝန်ခံမှုရှိစွာနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ သယာဝသယံဇာတအပေါ်မှာ အမှီအခိုဖြစ်နေမှုနဲ့ ရေရှည်သယံဇာကျိန်စာသ[13] င့်မှုကို လျော့ချဖို့အတွက် အနာဂတ်စီးပွားရေးကဏ္ဍမှာ ကွဲပြားစုံလင်မှုနဲ့ အများပါဝင်မှု ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ ကချင်မြေအနေနဲ့ လေးလေးနက်နက် စဉ်းစားသင့်ပါတယ်။”

* လုံခြုံရေးအတွက်အမည်လွှဲ အသုံးပြုထားခြင်းကို ရည်ညွှန်းသည်။

** သတင်းအရင်းအမြစ် မည်သူမည်ဝါဖြစ်ကြောင်း အလွယ်တကူသိစေနိုင်သည့် ကျေးရွာငယ်များ၏ အမည်များကို အသုံးပြုပဲရှောင်ရှားထားခြင်းကို ရည်ညွှန်းသည်။