← Back Published on

မြန်မာနိုင်ငံတွင် စစ်တပ်၏ထိုးစစ်ဆင်မှုများကြောင့် လှုပ်ရှားသွားလာရခက်ခဲသူများ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်

Al Jazeeraပါ ဘာသာပြန် ဆောင်းပါး။ 

  Action Committee for Democracy Developmentမှဘာသာပြန်ဆိုထားပါသည်။ 

Author By Emily Fishbein and Nu Nu Lusan

(၂၃) ရက်၊ မတ်လ၊ ၂၀၂၂ ခုနှစ်တွင် ဖြန့်ဝေသည်။


အာဏာသိမ်းမှုဆန့်ကျင်ရေးကို စစ်တပ်ကဆက်လက်ဖြိုခွင်းမှုတွေ ပြုလုပ်နေခြင်းကြောင့် အသက် (၆၀) ကျော်အရွယ် သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းပြည်သူအပေါ် ဘေးဒုက္ခပိုဖြစ်စေလျက်ရှိပါတယ်။စစ်ကိုင်းတိုင်းမြောက်ပိုင်းအတွင်း စစ်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကို တိန်းရှောင်ဖို့ ဒေါ်မူရီးဟာ လွန်ခဲ့သော (၉) လအတွင်းမှာ သူမရဲ့ရွာအပြင်ဘက်တောထဲမှာ အကြိမ် မရေမတွက်နိုင်လောက်အောင် ပုန်းခိုခဲ့ရပါတယ်။

အသက် (၈၃) နှစ်ရှိပြီဖြစ်တာကြောင့် သူမဟာ လမ်းမြန်မြန်မလျှောက်နိုင်သလို ဝေးဝေးလဲမသွားနိုင်ပါ။ ဒါကြောင့် သူ့သားနဲ့သမီးက သူ့ကိုထမ်းပိုးသွားရပါတယ်။“


အဖွားကိုထားခဲ့လိုက်တော့လို့ သူတို့ကိုပြောတာပဲ။ ဒါပေမယ့်သူတို့က မထားခဲ့ချင်ဘူး၊ ထွက်ပြေးကြတဲ့အခါတိုင်း သူတို့ကအဖွားကို ကျောပိုးပြီးပြေးတယ်” လို့သူမကပြောတယ်။

တောထဲမှာ ဒေါ်မူရီးနဲ့ သူ့သားသမီးတွေဟာ တာလပတ်အမိုးအောက်မှာဖြစ်ဖြစ်၊ ကျောက်တုံးခပ်ကြီးကြီးတွေ ကြားထဲမှာဖြစ်ဖြစ် အိပ်ကြပါတယ်။ စစ်သားတွေနီးလာပြီလို့ကြားတိုင်း သူတို့ထပ်ရွှေ့ ရပြန်ပါတယ်။ သူမဟာ ဒီလိုညတွေကို ဗိုက်ဆာတာကတစ်ဖက်၊ ခြင်တွေဖြုတ်တွေ မောင်းရတာကတစ်ဖက်၊ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် သောကတွေကြောင့် စိတ်ဖိစီးမှုဝင်နေတာကတစ်ဖက်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။

“သေသွားရင်ကောင်းမှာပဲလို့တွေးမိတယ်” လို့သူမက Al Jazeera ကိုပြောပါတယ်။ “[စစ်သားတွေက] စားစရာနဲ့ဆေးဝါးတွေအကုန် ပိတ်လိုက်တယ်။ များသောအားဖြင့် အဖွားတို့က တောအုပ်ထူထူထဲ ထွက်ပြေးပြီး ပုန်းနေရတယ်။ အဖွားလို သက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်အတွက် အရမ်းခက်ခဲတယ်။”

လူသားချင်းစာနာမှုအကျပ်အတည်းတွေဖြစ်တဲ့အခါ အထူးသဖြင့် အသက် (၆၀) ကျော်ပြည်သူတွေနဲ့ မသန်စွမ်းပြည်သူတွေဟာ အန္တရာယ်ကျရောက်နိုင်ခြေ ပိုများတယ်လို့ သုတေသနတွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ သူတို့ရဲ့ မိသားစုနဲ့ ဒေသအခြေပြု အထောက်အကူပေးရေး အဆောက်အအုံတွေ ထိခိုက်သွားတာမျိုး ရှိနိုင်တာကြောင့် သူတို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းကိရိယာတွေ၊ အာဟာရဖြည့် အစားအစာတွေ ဒါမှမဟုတ် လူသားချင်းစာနာမှုအကူအညီတွေ ရယူရာမှာ အကန့်အသတ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ဋိပက္ခကြောင့် ထိခိုက်ခဲ့ရတဲ့ ဒေသတွေက အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ (၂) ဦးနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းဝန်ထမ်း (၁) ဦးတို့တို့ကို Al Jazeera ကစကားပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေဟာ လူဦးရေရဲ့ (၉) ရာခိုင်နှုန်း အထိရှိပြီး မြန်မာနိုင်ငံရဲ့ ခုလိုအကျပ်အတည်းတွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းပြည်သူတွေ နည်းလမ်းပေါင်းစုံနဲ့ ဘယ်လိုဒုက္ခရောက်နေရလဲ ဆိုတဲ့အကြောင်း သူတို့က ရှင်းပြကြပါတယ်။

လုံခြုံရေးကြောင့် ဒေါ်မူရီးနဲ့ အခြားဒေသခံတွေအတွက် အမည်လွှဲတွေသုံးထားပါတယ်။


မြန်မာနိုင်ငံတစ်ဝှမ်း သန်းပေါင်းများစွာသော ပြည်သူတွေဟာ အာဏာသိမ်းမှုနောက်ပိုင်း ရက်သတ္တပတ် အနည်းငယ်ကြာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် စစ်တပ်က သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ ညှင်းပန်း နှိပ်စက်တာတွေလုပ်ပြီး သူတို့ရဲ့အုပ်ချုပ်မှုကို တွန်းလှန်တဲ့သူတွေကို ဖိနှိပ်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာကြောင့် ပြည်သူအများအပြားဟာ လက်နက်ကိုင်လမ်းစဉ်ထဲ တွန်းပို့ခံလိုက်ပါတယ်။ ဒီမိုကရေစီဘက်တော်သား လက်နက်ကိုင်အဖွဲ့ အများအပြားဟာ သူတို့ကိုယ်သူတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လို့ အမည်ပေးထားကြပြီး သူတို့ဟာ ၂၀၂၁ ခုနှစ်၊ မေလကတည်းကစပြီး အချိန်တိုအတွင်း အရှိန်ကောင်းလာခဲ့ပြီး တစ်ချိန်ထဲမှာ ရှိပြီးသားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြားမှာလဲ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။

ပိုပြီးကြီးမားလာတဲ့ ပဋိပက္ခတွေကြောင့် လူ (၅၀၀,၀၀၀) ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး နောက်ထပ် လူ (၄၈,၀၀၀) လောက်က အိမ်နီးနားချင်းနိုင်ငံတွေကို ထွက်ပြေးခိုလုံခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ပြည်သူ (၁၄.၄) သန်းရှိတယ်လို့ ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ နှစ်စဉ်ပုံမှန် လူသားချင်းစာနာမှုတုန့်ပြန်ဆောင်ရွက်ရေးအစီအစဉ်မှာ ဖော်ပြထားပြီး ယှဉ်ပြီးကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ် အစပိုင်းမှာတုန်းက (၁) သန်းပဲရှိခဲ့တာဖြစ်ပါတယ်။ သူတို့ထဲက အနည်းဆုံး (၁.၉) သန်းက မသန်းစွမ်းပြည်သူတွေဖြစ်ပြီး (၁.၂) သန်းကတော့ အသက် (၆၀) ကျော်ပြည်သူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလမှာ အကျိုးအမြတ်အတွက်မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ HelpAge International က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းက သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ပက်သက်ပြီး စစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစစ်တမ်းအရ အစားအစာ၊ ကျန်းမာရေး၊ ဝင်ငွေ၊ စားဝတ်နေရေးနဲ့ လုံခြုံရေး စတာတွေနဲ့ ပတ်သက်ပြီး လိုအပ်ချက် ပိုမိုကြီးလာကြောင်း တွေ့ရှိခဲ့ရပြီး စစ်တမ်းဖြေဆိုခဲ့သူအများအပြားက စစ်တပ်ရဲ့ထိုးစစ်ဆင်မှုတွေနဲ့ ပက်သက်ပြီး


“အလွန်စိုးရိမ်မိတယ်” လို့ ဆိုကြပါတယ်။“ရွာတွေ ဝင်စီးခံတဲ့အခါ သူတို့ဟာ ဖရိုဖရဲအခြေအနေအတွင်းမှာ ပစ်ထားခံရပြီး ကြုံလာသမျှ အကြမ်းဖက် ထိတ်လန့်ဖွယ်ရာတွေကြားထဲ ချန်ထားခဲ့ခံရမှာ စိုးရိမ်နေကြပါတယ်” လို့ အဖွဲ့ရဲ့ အရင်းမြစ်ဖွံ့ဖြိုးရေးမန်နေဂျာ မစ်ချယ်ဒီဂရု က Al Jazeera ကိုပြောပါတယ်

အသက်နဲ့ရင်း၍အလောင်းအစားလုပ်ခြင်းမြန်မာနိုင်ငံက သက်ကြီးရွယ်အိုတွေဟာ ထွက်မပြေးနိုင်လို့ တစ်ခါတစ်လေ အသက်ဆုံးရှုံးခဲ့ရကြောင်း ပြီးခဲ့တဲ့နှစ်က သတင်းဖော်ပြချက်တွေမှာ တွေ့နိုင်ပါတယ်။

မနှစ်က ဇွန်လတုန်းက မကွေးတိုင်းထဲကပေါက်မြို့နယ်၊ ဒီနှစ် ဖေဖော်ဝါရီလမှာ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်မြို့နယ်နဲ့၊ မတ်လ (၁၂) ရက်နေ့တုန်းက စစ်ကိုင်းတိုင်းထဲက တန့်ဆည်မြို့နယ်တို့မှာ ဖြစ်ပျက်ခဲ့တာတွေကိုကြည့်ရင် စစ်သားတွေ ရွာကိုမီးဝင်ရှို့လို့ အခြားသူတွေထွက်ပြေးချိန်မှာ အိမ်မှာကျန်ခဲ့တာ ဒါမှမဟုတ် ထားခဲ့ခံရတာကြောင့် သက်ကြီးရွယ်အို (၆) ဦးထက်မနည်း သူတို့နေအိမ်မှာပဲ မီးလောင် သေဆုံးခဲ့ရတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီလတုန်းက စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ရွာတစ်ရွာမှာ စစ်တပ်က ဝင်ရောက်စီးနင်းမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးတဲ့နောက် အခြားသက်ကြီးရွယ်အို (၂) ဦးလည်း သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

လူနေစခန်းတွေ ဒါမှမဟုတ် ဘာသာရေးအဆောက်အဦးတွေကိုလဲ စစ်တပ်က ပစ်မှတ်ထားတာကြောင့် အဲ့ဒီနေရာတွေမှာ ခိုလှုံသူတွေအတွက်လဲ လုံခြုံမှုမရှိပါဘူး။ မတ်လ၊ (၈) ရက်နေ့မှာ ဝေးဝေးမပြေးနိုင်တဲ့သူတွေ နားခိုနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတစ်ခုကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီလိုလက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် သက်ကြီးရွယ်အို (၅) ဦးသေဆုံးခဲ့ပြီး နောက်ထပ် (၅) ဦးလည်း ဒဏ်ရာခဲ့ပါတယ်။ မိခင် (၁) ဦိးနဲ့အတူ သူ့ရဲ့ကလေးငယ် (၂) ဦးလည်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

“ချင်းပြည်သူတွေကို သူတို့နေရပ်ကနေ အပြတ်ရှင်းထုတ်ဖို့ လုပ်ဆောင်နေတဲ့ စစ်အုပ်စုရဲ့ လက်ရှိလုပ်ငန်း တွေကြောင့် နောက်ဆုံးဓားစာခံဖြစ်ခဲ့ရသူကတော့ အသက် (၈၉) နှစ်အရွယ် သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ မတူပီမြို့နယ်မှာရှိတဲ့ သူနေတဲ့ရွာကနေ မိုင် (၂၀၀) ခရီးနှင်ခဲ့ပြီး မီဇိုရမ်ပြည်နယ်က ရွာတစ်ရွာကိုရောက်ပြီး နောက် (၃) ပတ်အကြာမှာ ဆုံးသွားခဲ့ပါတယ်။

Al Jazeera အနေနဲ့ ဒီဖြစ်စဉ်တွေကို အသေးစိတ်သီးခြားအတည်ပြုနိုင်ခဲ့ခြင်း မရှိပါဘူး။

စိတ်ဒဏ်ရာဖြစ်စေတဲ့ အတွေ့အကြုံတွေနဲ့ ကျန်းမာရေးစောက်ရှောက်မှု ရဖို့ခက်ခဲတာတွေကလည်း ပဋိပက္ခဒဏ်ခံရတဲ့ ဒေသတွေက သက်ကြီးရွယ်အိုတွေအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှု ဖြစ်စေနိုင်ပါတယ်။ ဖေဖော်ဝါရီလတုန်းက မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးနေတဲ့ကာလအတွင်း ဒါဇင်နဲ့ချီတဲ့ သက်ကြီးရွယ်အိုတွေဟာ ကုသလို့ရတဲ့ ဖျားနာမှုတွေနဲ့ သေဆုံးခဲ့ရပြီး တစ်ချို့ကလည်း အန္ဒိယနယ်စပ်ကတစ်ဆင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးပြီးနောက် ကောင်းမွန်တဲ့အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ အသက်ဆုံးရှုံးခဲ့ရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်မူရီးဟာ မင်းကင်းမြို့နယ်ကဖြစ်ပါတယ်။ မင်းကင်းမှာ စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရာနဲ့ချီတဲ့အိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အပြင် ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ရွာသားတစ်ချို့ ပျောက်ဆုံးနေတာ ဒါမှမဟုတ် သေသွားလို့ အလောင်းပြန်တွေ့တာတွေ ရှိခဲ့ပါတယ်။ ဒါဟာ စစ်ကိုင်းတစ်တိုင်းလုံးမှာ ဖြစ်နေတဲ့ သဏ္ဍာန်တူ ထိုးစစ်ဆင်မှုတွေရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်တပ်နဲ့ ပြည်သူ့ခုခံတွန်းလှန်ရေး တပ်ဖွဲ့တွေကြား ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာခဲ့တာ မေလကတည်းက ဖြစ်ပါတယ်။ ပြည်သူ အနည်းဆုံး (၁၃၆,၀၀၀) လောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး တိုင်းထဲမှာရှိတဲ့ မြို့နယ် (၃၇) ခုထဲက တစ်ဝက်ကျော် အတွင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

စစ်တပ်က ဝင်စီးမှာ စိုးရိမ်ရတယ်ဆိုတာ ဒေါ်မူရီးအတွက်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ကြုံရတဲ့ ဒုက္ခတွေအများကြီးထဲက နောက်ထပ်တစ်ခုပါပဲ။ လယ်လုပ်ပြီး စပါးစိုက်လို့ရတဲ့ သူမတို့ရဲ့မိသားစုဝင်ငွေ ထိခိုက်သွားရုံသာမက စစ်တပ်ကဖြုတ်ချခဲ့တဲ့ အရင်အရပ်သားအစိုးရဆီက လစဉ်ရရှိခဲ့တဲ့ လူမှုရေးပင်စင် (၃၀,၀၀၀) ကျပ် (၂၀၂၁ ခုနှစ် ဇန်ဝါရီငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၂၂.၆၀) ကိုလည်း ဆက်မရတော့ပါဘူး။လက်ရှိအချိန်မှာ စစ်တပ်ဟာ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လက်နက်ကိုင် ခုခံတွန်းလှန်မှုရှိနေတဲ့ ဒေသတွေက ထောက်ပို့လမ်းကြောင်းတွေကို ပိတ်လိုက်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေကို သိမ်းဆည်းတာတွေ၊ ဖျက်ဆီးတာတွေလုပ်နေတာကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသအများအပြားဟာ အခြေခံကုန်ပစ္စည်း ပြတ်လပ်တာတွေ၊ ကုန်စျေးနှုန်းမြင့်တက်တာတွေနဲ့ ရင်ဆိုင်နေရကြောင်း သတင်းတွေမှာဖော်ပြထားတာ တွေ့ရပါတယ်။

ဒေါ်မူးရီးက သူမဟာ အရင်က ဆေးမှီဝဲနေရပြီး အာဟာရဖြည့်ဗူးတွေလဲ နေစဉ်သောက်ခဲ့ရကြောင်း ခုချိန်မှာတော့ ဒါတွေဘယ်လိုဝယ်ရမလဲ မသိတော့ကြောင်း Al Jazeera ကိုပြောပါတယ်။ အနီးမှာရှိတဲ့ မြို့ငယ်တွေမှာ လှမ်းမှာပေမယ့် သူ့မဆီတစ်ခါမှ ပစ္စည်းမရောက်လာခဲ့ပါဘူး။

“စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ စားချင်ရာမစားနိုင်၊ သွားချင်ရာမသွားနိုင် ဖြစ်သွားတယ်။ အဖွားတို့ အမြဲပြေးလွှားနေရတယ်။ အဖွားရဲ့ သားသမီးတွေက အဖွားကိုအတက်နိုင်ဆုံး ဂရုစိုက်ကြပါတယ်၊ ဒါပေမယ့် အဖွားတို့က ခဏခဏပြေးနေရတယ်” လို့သူမကပြောတယ်။ “အဖွားကအသက်ကြီးပြီဆိုတော့ ဒီအခြေအနေကို ပြောင်းဖို့ ဘာမှမလုပ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုတောင် ပြန်မကြည့်နိုင်ဘူး။ အရမ်းစိတ်ရှုပ်မိတယ်။”

“ချင်းတွင်းချစ်သူက ထုတ်ပြန်ခဲ့တဲ့ ဒရုန်းနဲ့ရိုက်ကူးထားတဲ့ ဓတ်ပုံတွေကိုအသုံးပြုပြီး မင်းကင်းမြို့နယ်၊ ဘင်ရွာ (စစ်ကိုင်း) မှာ ဗုဒ္ဓဟူးနေ့တုန်းက မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အဆောက်အဦး ခန့်မှန်းခြေ (၁၈၅) ခုရဲ့တည်နေရာတွေကို Myanmar Witness က ဖော်ထုတ်ခဲ့ပါတယ်။‘လုံခြုံတဲ့နေရာဆိုတာမရှိဘူး’


မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကယားပြည်နယ်နဲ့ အိမ်းနီးချင်းရှမ်းပြည်နယ်တောင်ပိုင်းမှာ မေလကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးသူ (၁၅၀,၀၀၀) ကျော်ရှိသွားပြီဖြစ်ပါတယ်။

ဒီအကျပ်အတည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ သက်ကြီးရွယ်အို (၃) ဦးရဲ့ ဖြစ်စဉ်ကို အရပ်ဘက်ဖွဲ့အစည်း ဝန်ထမ်းတစ်ဦးဖြစ်တဲ့ နော်ကတ်သရင်းက ရှင်းပြခဲ့ပါတယ်။

ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာ ယာယီစစ်ရှောင်စခန်းတစ်ခုက သက်ကြီးအမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို ဇွဲကြိုးချ သတ်သေခဲ့ပါတယ်။ နောက်ထပ် သက်ကြီးအမျိုးသမီးတစ်ဦးဟာလည်း စစ်တပ်က သူနေတဲ့ရွာကို ဗုန်းကြဲလို့ ထွက်ပြေးနေတုန်းမှာ သေဆုံးသွားခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းကိုတော့ မသိရပါဘူး။

သူ့အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့လူနာတွေကို ဘေးကင်းရာကို ပြောင်းရွှေ့ပေးနေရတာကြောင့် ဒီအဖွားကို ဆေးရုံမပို့နိုင်ခဲ့ဘူးလို့ နော်ကတ်သရင်းက ပြောပါတယ်။ “ယာယီစစ်ရှောင်စခန်းကို သွားနေတုန်းမှာပဲ သူဆုံးသွားတယ်” လို့နော်ကတ်သရင်းကပြောပါတယ်။ နောက်ထပ် သက်ကြီးအမျိုးသားတစ်ဦးကလည်း စစ်တပ်က ထိုးစစ်ဆင်လာချိန်မှာ သီလရှင်ကျောင်းတစ်ခုကို စောင့်ရှောက်ဖို့ ကျန်နေခဲ့ပြီးနောက် သူလည်းဆုံးသွားခဲ့တယ်လို့ သူမကပြောပါတယ်။ Al Jazeera အနေနဲ့ ဒီဖြစ်စဉ်တွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

သူမရဲ့ အဖွဲ့အစည်းဟာ အကာအကွယ်မဲ့ ပြည်သူအားလုံးအတွက် အလုပ်လုပ်နေပေမယ့် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်တွ အလွန်ကြီးမားနေချိန်မှာ အရင်းအမြစ်တွေရှားပါးတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းပြည်သူတွေအတွက် လုံလောက်တဲ့ သီးခြားပံ့ပိုးကူညီမှုတွေ မလုပ်နိုင်ဘူးလို့ နော်ကတ်သရင်းက ပြောပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ သွားလာရခက်ခဲသူတွေအတွက် မော်တော်ယဉ်တွေ စီစဉ်ပေးတာ၊ သူတို့ကို လူနဲ့သယ်ထုတ်တာတွေလုပ်ပြီး စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကနေ ရှောင်ပြေးနိုင်အောင် ကူညီဖို့ ကြိုးစားကြတယ်လို့ သူမကပြောပါတယ်။

“တော်တော်မလွယ်ပါဘူး။ ဥပမာ တစ်နေရာကနေ နောက်တစ်နေရာကိုသွားတဲ့အခါ ဒါမှမဟုတ် အရေးပေါ် ထွက်ပြေးဖို့ လိုအပ်တဲ့အခါ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ ဒါမှမဟုတ် လမ်းညွှန်ပေးဖို့ လူလိုပါတယ်၊ သူတို့မျက်လုံး တွေကိုကြည့်လိုက်ရင် အားငယ်နေတာ၊ ဝန်ထုတ်ဝန်ပိုးဖြစ်စေသလို ခံစားရတာတွေ မြင်နေရတယ်” လို့သူမကပြောတယ်။

တစ်ခြားသူတွေ ထွက်ပြေးကြချိန်မှာ မပြေးပဲနေခဲ့ဖို့ ဆုံးဖြတ်ကြတဲ့ သက်ကြီးရွယ်အိုတွေအများကြီးရှိတယ်လို့ သူမက ထပ်ပြောပါတယ်။ “တစ်ချို့လူကြီးတွေက မပြေးနိုင်ကြဘူး၊ ပြေးလဲမပြေးချင်ကြ‌တော့ဘူးလို့ ကျွန်မကို ပြောပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပေမယ့် သူတို့အိမ်မှာပဲ ဆက်နေချင်ကြတယ်။”

အာဏာသိမ်းမှုကြောင့် ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး ကချင်ပြည်နယ် မြောက်ဖျားမှာလည်း တိုက်ပွဲတွေကြောင့် ပြည်သူတွေထောင်နဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ကချင်ပြည်နယ်မှာ KIA နဲ့အတူ PDF အဖွဲ့တွေဟာ ရံဖန်ရံခါ ပူးတွဲတိုက်ပွဲဝင်ကြပါတယ်။

ဖေဖော်ဝါရီလမှာ ကချင်ပြည်နယ်မြောက်ဖျားက ပူတာအိုမြို့နယ်အထိ တိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပြီး စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးတွေကြဲခဲ့တဲ့အချိန်မှာ ဘရန်ဂျက်ဟာ သူမိသားစုကို သူမပါပဲရွာကနေထွက်ခွာကြဖို့ ပြောခဲ့ပါတယ်။ သူဟာ အသက် (၅၀) အရွယ် ကလေးသုံးယောက်ဖခင် လယ်သမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လမှာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတာကြောင့် ဂျိုင်းထောက်နဲ့ လမ်းလျောက်နေရသူတစ်ဦး ဖြစ်ပါတယ်။

“တခြားလူတွေလို မပြေးနိုင်တာကြောင့် ကျွန်တော့အတွက်ကတော့ ပိုခက်ပါတယ်” လို့သူကပြောတယ်။ “တခြားလူတွေက အတူပြေးကြတယ်။ ဒါပေမယ့် ကျွန်တော်က နောက်မှာကျန်ခဲ့ပြီး ဖြေးဖြေးချင်း အမှီလိုက်ဖို့ ကြိုးစားရတယ်။" 

ဘရန်ဂျက်ကို ရွာသားတစ်ယောက်က အဖော်ပြုပေးပြီး နောက်ဆုံးတော့ သူဟာ သူ့မိသားစုဝင်တွေနဲ့ တောထဲမှာ ပြန်ဆုံခဲ့ကြပါတယ်။ အဲဒီမှာပဲ သူတို့ရွာက တစ်ခြားသူတွေနဲ့အတူ တာလပတ်တွေ၊ ဝါးတွေနဲ့ တဲထိုးပြီး နေခဲ့ကြပါတယ်။

သူတို့ဟာ အလောတကြီး ထွက်ပြေးရတာကြောင့် စောင်တွေတောင် မသယ်သွားနိုင်ခဲ့ကြပါဘူး။ 

လူသားချင်းစာနာမှုအကူအညီ နည်းပါးတာ၊ အစားအစာမလုံလောက်တာတွေကြောင့် သက်ကြီးရွယ်အို အများအပြား နာမကျန်းဖြစ်လာခဲ့ကြပါတယ်။

“ကျွန်တော်တို့ဆီမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီ၊ ဟင်းခတ်အမွေးအကြိုင်လို အစားအစာတွေ မရနိုင်တော့တာ တော်တော်ကြာပါပြီ” လို့ဘရန်ဂျက်ကပြောပါတယ်။ “ကျွန်တော်တို့ ဟင်သီးဟင်းရွက်ကို ဆားနဲ့စားပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ဆန်တွေလဲ ဘယ်လောက်ကြာကြာခံမလဲတောင် မသိပါဘူး။”တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ရွာသားတွေဟာ တစ်နေရာထဲမှာပဲ အကြာကြီးနေလို့လည်း မရပါဘူး။


“ကျွန်တော်တို့ ဟိုနေရာ ဒီနေရာကို တစ်ခါပြီးတစ်ခါ ထပ်ထပ် ပြေးနေရတယ်” လို့သူကပြောပါတယ်။ “တော်တော်မလွယ်ပါဘူး။ လုံခြုံတဲ့နေရာဆိုတာမရှိဘူး”

-------------------------------------------------

(ဤဆောင်းပါးအတွက် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ထားသော Voices for Inclusion စီမံကိန်းမှတစ်ဆင့် ARTICLE 19 က ရန်ပုံငွေပံ့ပိုးမှု ပြုလုပ်ပေးခဲ့သည်။)

မူရင်း -https://www.aljazeera.com/.../military-attacks-imperil...

Disclaimer-------------------အထက်ပါ ဘာသာပြန်ဆိုမှုသည် အလွတ်သဘော ဘာသာပြန်ဆိုမှုသာ ဖြစ်ပြီး မူရင်းစာရေးသူ၏ အာဘော် အပြည့်အ၀ အား ကိုယ်စားပြု ပြန်ဆိုမှုတွင် အားနည်းချက်များ ရှိနိုင်ကြောင်း နှင့် ဆောင်းပါး ရှင်၏ သဘောထားများသည် ACDD အဖွဲ့အစည်း ၏ နိုင်ငံရေးအာဘော်အား ကိုယ်စားပြုမှုမရှိပါကြောင်း အသိပေးအပ်ပါသည်။