← Back Published on

စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံမှ အဆင့်မြင့်ပညာရေးအိပ်မက်များကို သတ်ပစ်လိုက်သည်

The number of people from Myanmar trying to study in some foreign countries appears to be increasing according to data from foreign diplomatic missions [Stringer/Reuters]

အယ်မလီဖစ်ဘင်းမ်းနှင့် နူးနူးလုဆန် မှ Al Jazeera English တွင်ရေးသားဖော်ပြထားသည်။
ဘာသာပြန်ဆိုသူ - ACDD [Action Committee for Democracy Development] အဖွဲ့အစည်းမှအလွတ်သဘော ဘာသာပြန်ဆို
ထားသည်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းတဲ့အခါ နိုင်ငံခြားမှာ ပညာသင်ဖို့ စီစဉ်ထားတဲ့ ဒေဗောရရဲ့ အိပ်မက်တွေ တစစီ ဖြစ်သွားခဲ့ပါတယ်။

အသက် (၂၁) နှစ်အရွယ် ဒေဗောရက အမေရိကန်ပြည်ထောင်စုရဲ့ တက္ကသိုလ်တခုမှာ ပြီးခဲ့တဲ့နှစ်တည်းက ဝင်ခွင့်ရထားခဲ့ပြီး စာရွက်စာတမ်းတချို့ ပေးပို့ဖို့သာ ကျန်ပါတော့တယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပညာရေးဝန်ကြီးဌာနထံ ဒီဇင်ဘာလမှာ တောင်းခံခဲ့ပြီး ဖေဖော်ဝါရီလအစောပိုင်းမှာ ရလိမ့်မယ်လို့ အကြောင်းကြားခံထားရတာပါ။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း အစိုးရဝန်ထမ်းတွေ နှုတ်ထွက်သွားခဲ့တာကြောင့် ဒေဗောရခမျာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အခုချိန်ထိအောင် မရသေးပါဘူး။

"စစ်အာဏာသိမ်းလို့ လိုအပ်တာတွေ အခုထိ မရသေးဘူး။ ကျမ စီစဉ်ထားတာတွေကို ဖျက်လိုက်ရပြီ" လို့ သူက ညည်းပါတယ်။

ပြည်ပမှာ ပညာသင်မယ့် အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတာ ဒေဗောရတယောက်တည်းတော့ မဟုတ်ခဲ့ပါဘူး။ ပင်ကိုကမှ ကမ္ဘာ့ အနိမ့်ဆုံးတွေထဲက တခုဖြစ်နေရတဲ့ မြန်မာ့အဆင့်မြင့်ပညာရေးစနစ်ကို စစ်အာဏာသိမ်းမှုက အဖတ်ဆည်လို့ မရတဲ့အထိ ချေမွပစ်ခဲ့ပါတယ်။ ပြည်တွင်းမှာ ပညာသင်ယူဖို့ ခက်ခဲနေချိန်မှာ စီးပွားရေး အခြေအနေက ယိုယွင်းကျဆင်းနေပြီး ညှင်းပမ်းနှိပ်စက်မှု၊ မတရားဖမ်းဆီးသတ်ဖြတ်မှုတွေကလည်း တစထက်တစ များပြားလာနေပါတယ်။ ဒါကြောင့် လူငယ်အများစုအတွက် ပြည်ပထွက် ပညာသင်ယူခြင်းက မျှော်လင့်ချက် ကောက်ရိုးတမျှင် ဖြစ်လာရပါတယ်။ ဒါပေမယ့် လက်တွေ့ဖြစ်လာဖို့တော့ အတားအဆီးများစွာ ရှိနေဆဲပါ။

"ပညာရေးအကြောင်း ပြောရမယ်ဆိုရင် မြန်မာပြည်မှာ အားလုံး ခက်ခဲနေတယ်" လို့ ချင်းတိုင်းရင်းသား လူငယ်တဦးက ဆိုပါတယ်။ သူက အမေရိကန်ပြည်ထောင်စုမှာ မဟာဘွဲ့အတွက် ပညာသင်ဆုရထားပေမယ့် ရောက်အောင် မသွားနိုင်ခဲ့သူပါ။ "မြန်မာကျောင်းသားတွေ၊ လူငယ်တွေအတွက် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပြီ" လို့ သူက ရှင်းပြပါတယ်။

(၁၉၆၂) ခုနှစ်အတွင်း ပထမအကြိမ် စစ်အာဏာသိမ်းပြီးတဲ့အခါ မြန်မာပြည်က ဆင်းရဲတွင်းထဲကို ရာစုနှစ်ဝက်လောက် ဆွဲချခံလိုက်ရပါတယ်။ ဒါက အဆင့်မြင့်ပညာတွေ သင်ယူနိုင်ရေးအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့ပါတယ်။

သတင်းအချက်အလက်တွေ လွတ်လပ်စွာ ရယူခွင့်ကို စစ်ဗိုလ်ချုပ်တွေက ကြပ်တည်းစွာ ကန့်သတ်ပိတ်ပင်ခဲ့ပြီး အလွတ်ကျက် ပညာရေးစနစ်တွေ အကောင်အထည်ဖော်ခဲ့ပါတယ်။ တက္ကသိုလ်တွေကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားခဲ့ပြီး ကျောင်းသားသမဂ္ဂလို အဖွဲ့အစည်းမျိုးတွေကို အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ပါတယ်။

(၁၉၈၈) ခုနှစ်အတွင်း ကျောင်းသူကျောင်းသားတွေ ဦးဆောင်တဲ့ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ချိန်မှာလည်း သွေးမြေကျတဲ့အထိ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးမှုတွေကို ကျူးလွန်ခဲ့ကြပါတယ်။ မြို့တော် ရန်ကုန်မှာ ရှိတဲ့ တက္ကသိုလ်တွေကို နောက်ပိုင်း ဆယ်စုနှစ်တခုကြာတဲ့အထိ ပိတ်ပစ်ခဲ့ပါတယ်။

အဲဒီကာလတွေမှာ ထောင်နဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေက နယ်စပ်ဒေသကို သွားရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းရင်း လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့ကြပါတယ်။ လက်ရှိ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုမှာလည်း အလားတူ ပုံစံမျိုးကို ပြန်လည် မြင်တွေ့လာနေပါတယ်။

"ပညာတတ်လူငယ်တွေ၊ လူငယ်အသိပညာရှင်၊ အတတ်ပညာရှင် အများကြီးက တော်လှန်ရေးမှာ ပါဝင်ဖို့ သူတို့ရဲ့ တောက်ပတဲ့ အနာဂတ်ကို ကျောခိုင်းခဲ့ကြတယ်" လို့ တယောပညာရှင် ကိုသောမတ်စ်က ဆိုပါတယ်။ စစ်အာဏာသိမ်းမှု မတိုင်ခင်မှာ သူက အမေရိကန်သွားပြီး ဂီတအနုပညာကျောင်းတက်ဖို့ စီစဉ်နေခဲ့တာပါ။ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တနိုင်ငံလုံး အုံလိုက်ကျင်းလိုက် ဆန္ဒဖော်ထုတ်နေချိန်တုန်းကလည်း တော်လှန်ရေးသီချင်းတွေ ရေးစပ်ပေးခဲ့ပါသေးတယ်။ အခုတော့ သူက သေနတ်ဝယ်ဖို့ သူ့တယောကို ရောင်းပစ်လိုက်ပါပြီ။

"စစ်အာဏာသိမ်းလို့ ကျောင်းတက်မယ့် အစီအစဉ်လည်း ပျက်သွားပြီ။ အခုတော့ တောထဲမှာပဲ။ ကျနော့်ရဲ့ ပညာရေး၊ အနာဂတ်၊ မျှော်လင့်ချက် အကုန်လုံး ဆုံးရှုံးပြီးမှာတော့ သေနတ်ပဲ ကိုင်ရတော့မယ်၊ ဒါတွေအားလုံး ပြီးမှပဲ ကျောင်းတက်ဖို့ စဉ်းစားတော့မယ်၊ ကျနော် အသက်ငယ်သေးရင်ပေါ့ဗျာ" လို့ သူက ရေရွတ်ခဲ့ပါတယ်။

ပြည်ပမှာ ကျောင်းတက်ဖို့ ဆက်ကြိုးစားနေသူတွေလည်း စစ်အာဏာသိမ်းမှုကြောင့် ပြဿနာသစ်တွေ ရင်ဆိုင်လာရပါတယ်။
အစိုးရဝန်ထမ်းတွေ ထောင်သောင်းမက ဆန္ဒပြနှုတ်ထွက်သွားခဲ့လို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရဖို့ ခက်ခဲနေချိန်မှာ ပြည်ပ ပညာသင် ကျောင်းသူကျောင်းသားတွေအနေနဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတွေအပါအဝင် တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေအတွက် မဖြစ်မနေ ပြင်ဆင်ကြရဦးမှာပါ။ စစ်တပ်က အင်တာနက်ကို မထင်ရင်မထင်သလို ဖြတ်တောက်နေတာကြောင့် ဆက်သွယ်ရေးအခြေအနေက တည်ငြိမ်မှု ကင်းမဲ့နေပါတယ်။


ပညာသင် ဗီဇာရဖို့အတွက်ကလည်း အိပ်မက်ဆိုးတခုလိုပါပဲ။ အထူးသဖြင့် သွားရောက်မယ့် ကျောင်းသားကျောင်းသူကိုယ်တိုင် သက်ဆိုင်ရာဌာနကို သွားရောက်တွေ့ဆုံရမယ့် အနေအထားမျိုးမှာ ဌာနအများစုက ရက်အကန့်အသတ်မရှိ ရုံးပိတ်ထားကြပါတယ်။ ကိုဗစ်နိုင်တင်းကြောင့် ထိုင်းနိုင်ငံဝင်ခွင့်ကို လနဲ့ချီပြီး ပိတ်ထားခဲ့တာမို့ ကျောင်းသားကျောင်းသူအများစုက အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွားရောက်ပြီး အဲဒီကမှ တဆင့် ဗီဇာလျှောက်ကြရပါတယ်။

ပညာသင်ဗီဇာတွေအတွက် ကိုယ့်ရဲ့ ဘဏ်ထဲမှာ ငွေကြေးပမာဏတခု ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတို့ကြောင့် ငွေရေးကြေးရေး ကြပ်တည်းလာခဲ့ရသလို မြန်မာကျပ်ငွေတန်ဖိုးကလည်း ဖောင်းပွလွန်းနေခဲ့တာပါ။

ဒီအခက်အခဲတွေအပြင် သက်ဆိုင်ရာနိုင်ငံတွေမှာ ပညာသင်ယူမှု ပြီးဆုံးတာနဲ့ အမြန်ဆုံး ပြန်လာမယ့်အကြောင်း ဖော်ပြရပါသေးတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ မှေးမှိန်လာနေတဲ့၊ လုံခြုံရေးအခြေအနေ ပိုမို ဆိုးရွားလာနေတဲ့ ပြည်တွင်းအနေအထားကြောင့် ဒီလို ကတိပြုဖို့ ခက်ခဲလွန်းလှပါတယ်။
ဒီအချက်ကြောင့် နိုင်ငံရပ်ခြားမှာ ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းကို ဒီလ်ဒါတယောက် စွန့်လွှတ်လိုက်ရပါတယ်။ သူ့ကို အမ်ဘီအေ တက်ခွင့်ပေးဖို့ ကနေဒါတက္ကသိုလ်တခုက (၂၀၂၀) ခုနှစ်အတွင်း လက်ခံထားပြီးပါပြီ။

နောက်ဆုံးတော့ ခွဲခြားဖိနှိပ်မှု မရှိဘဲ လွတ်လွတ်လပ်လပ် ပညာသင်ယူခွင့် ရတော့မယ်လို့ ရိုဟင်ဂျာတဦးဖြစ်သူ ဒီလ်ဒါက ပျော်ရွှင်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်တွင်းမှာ သူတို့လို ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားတာမို့ပါ။ ဒါကြောင့် သူ မမွေးခင်တည်းကနေ မိဘတွေ ရန်ကုန်ကို ပြောင်းလာခဲ့ကြတာ ဖြစ်ပေမယ့် ဒီလ်ဒါက သူ့ရဲ့ လူမျိုးကို တသက်လုံး ဖုံးကွယ်ထားခဲ့ရပါတယ်။

(၂၀၁၇) ခုနှစ်အတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်မှုတွေကို အတန်းဖော်တွေက အလေးမထားဘဲ လှောင်ပြောင်နေချိန်မှာ သူ တိတ်တိတ်လေး နာကျင်ကြေကွဲခဲ့ရပါတယ်။ (၂၀၁၉) ခုနှစ် ကျောင်းပြီးလို့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာလည်း နောက်ဆုံးကျမှ ဘွဲ့တက်ယူခွင့် ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ နိုင်ငံသား မှတ်ပုံတင် မရှိခဲ့လို့ပါ။

ဘွဲ့ယူပြီး တနှစ်လောက်ကြာမှ သူ့ရဲ့ နိုင်ငံသားမှတ်ပုံတင်ကို ရခဲ့ပါတယ်။ အဲဒီနောက်ကျမှ နိုင်ငံကူးလက်မှတ်နဲ့ ဘွဲ့လက်မှတ်တွေကို သူ လျှောက်ခွင့်ရခဲ့ပါတယ်။ စာရွက်စာတမ်းတွေ အားလုံးမှာ သူ့ကို ဘင်္ဂလီလူမျိုးလို့သာ ဖော်ပြထားတာပါ။

(၂၀၂၀) ခုနှစ် စက်တင်ဘာလအတွင်း ကနေဒါတက္ကသိုလ်ကနေ ကျောင်းခေါ်စာ ရတာနဲ့ သူက ပညာသင်ဗီဇာ စတင် လျှောက်ထားခဲ့ပါတယ်။ လူတွေ့ သွားရောက်ရမယ့်နေ့က ဖေဖော်ဝါရီလ (၁) ရက်နေ့ ဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် ဇွန်လအထိ အပြီးမသတ်နိုင်ခဲ့ပါဘူး။ နောက်တလအကြာမှာတော့ ကျောင်းကနေ သူ့ကို ပြန်ပြီး အကြောင်းကြားလာပါတယ်။

"အီးမေးလ်ကို ဖွင့်ဖတ်လိုက်ပြီး ဗီဇာ အငြင်းခံရကြောင်း သိတာနဲ့ ကျမ ရှုံးပွဲချ ငိုမိတော့တာပဲ" လို့ သူက ပြန်ပြောပြရှာပါတယ်။ သူက ကျောင်းပြီးတဲ့အခါ ကနေဒါကနေ မြန်မာပြည်ကို ပြန်မယ့် အလားအလာ နည်းကြောင်း သုံးသပ်ပြီး သူ့ရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ပယ်ချခဲ့ကြတာပါ။

မြန်မာပြည်ကနေ ပြည်ပထွက် ပညာသင်မယ့် လူငယ်တွေ ပိုမို များလာနေပါတယ်။ မြန်မာရုံးခွဲမှာ ပညာသင်ဗီဇာအတွက် လာရောက်လျှောက်ထားကြသူ အရေအတွက်က ပြီးခဲ့တဲ့နှစ်ထက် (၃၈) ရာခိုင်နှုန်း ပိုမို များပြားလာကြောင်း နိုင်ငံ(၇)ခုရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ VFS Global က ဖော်ပြပါတယ်။ ဒါတောင် ဒီနှစ်အတွင်း လအတော်ကြာ ရုံးပိတ်ထားခဲ့သေးတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရာနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ဝန်ဆောင်မှု ပေးခဲ့ရကြောင်း ရန်ကုန်အခြေစိုက် ခရီးသွားကိုယ်စားလှယ်တဦးက ဆိုပါတယ်။ ဒါက မနှစ်ကထက် နှစ်ဆနီးပါး ပိုများလာတာပါ။

ကနေဒါမှာ ကျောင်းတက်ဖို့ ပညာသင်ဗီဇာ လျှောက်ထားမှုက အရင်နှစ်ထက် နှစ်ဆတိုးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ လျှောက်ထားသူ (၉၂)ဦးသာ ရှိခဲ့ရကနေ ဒီနှစ်မှာတော့ (၂၁၀) ဦးအထိ များလာခဲ့ကြောင်း ကနေဒါ လူဝင်မှုကြီးကြပ်ရေးဌာန စာရင်းတွေအရ သိရပါတယ်။ ဒါပေမယ့် မြန်မာကျောင်းသားတွေကို လက်ခံပေးခြင်းက မဆိုစလောက်သာ ပိုများလာပြီး (၄၆) ဦးကနေ (၆၁) ဦးအထိပဲ တိုးလာတာပါ။

အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတက်ဖို့ ပညာသင်ဗီဇာ လျှောက်ထားမှုကို ဆယ်ဆတိုးပြီး လက်ခံခဲ့တယ်လို့ သိရပါတယ်။ ဗီဇာရရှိတဲ့ မြန်မာကျောင်းသားအတွက်က (၂၀၂၀) ခုနှစ်အတွင်း (၆၄) ဦးသာ ရှိခဲ့ရာကနေ (၂၀၂၁) ခုနှစ်မှာတော့ (၆၅၂) ဦးအထိ တိုးလာခဲ့ပါတယ်။ အရေအတွက် ဘယ်လောက်ထိ ဗီဇာလျှောက်ခဲ့တယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။

စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူမယ့် အစီအစဉ်တွေ ကမောက်ကမ ဖြစ်ရတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ ပညာသင်ဆုရထားသူတွေလည်း မလွတ်ခဲ့ပါဘူး။
(၂၀၂၀) ခုနှစ်အတွင်း အစိုးရလုပ်သက် ရင့်နေပြီဖြစ်တဲ့ မြမြက တခြားပြိုင်ဘက် ရာနဲ့ချီကို ကျော်ဖြတ်ပြီး မဟာဘွဲ့အတွက် အမေရိကန်အစိုးရကပေးတဲ့ ပညာသင်ဆု ရရှိခဲ့ပါတယ်။ ဒီနှစ် ဩဂုတ်လမှာ ကျောင်းစတက်ဖို့ သူ စီစဉ်ခဲ့တာပါ။

အဲဒီနောက် ဖေဖော်ဝါရီလ (၇) ရက်နေ့က စတင်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ မြမြ ပါဝင်လာခဲ့သလို အလုပ်လည်း ထွက်ပစ်လိုက်ပါတယ်။ ဒါပေမယ့် သူက စစ်ကောင်စီလက်အောက် အစိုးရဝန်ထမ်းဖြစ်နေတာကြောင့်ဆိုပြီး သူ့ရဲ့ ပညာသင်ဆုကို ပြန်လည် ရုတ်သိမ်းခံလိုက်ရပါတယ်။

"ကျမ အရည်အချင်း မပြည့်မီလို့ ရုတ်သိမ်းခံရတာ မဟုတ်ဘူး။ နိုင်ငံရေးကြောင့် ဖြစ်သွားတာဆိုတော့ နားလည်ရ အတော်လေး ခက်ခဲ့ပါတယ်" လို့ လက်ရှိ အလုပ်လက်မဲ့ဘဝနဲ့ အဖမ်းခံရမှာ ကြောက်ပြီး ပုန်းအောင်းနေရသူ မြမြက ပြောပါတယ်။ "အာဏာသိမ်းလိုက်တာနဲ့ တရက်အတွင်း အရာအားလုံး ပြောင်းပြန်ဇောက်ထိုး ဖြစ်ကုန်တာပါပဲ”

အမေရိကန်အစိုးရက ထောက်ပံ့ကူညီနေတဲ့ ပညာရေးအစီအစဉ်တွေကို ရုတ်သိမ်းမှာ မဟုတ်ဘူး။ ဒါပေမယ့် စစ်ကောင်စီနဲ့ မပတ်သက်သူတွေကိုသာ ဆက်လက် ကူညီမယ်လို့ အမေရိကန်သံရုံးတာဝန်ရှိသူတဦးက ရှင်းပြပါတယ်။

ပညာသင်ဆု ရခဲ့ပေမယ့် အမေရိကန်ကို မသွားနိုင်တော့ဘဲ အိန္ဒိယမှာ ပိတ်မိနေတဲ့ ချင်းလူငယ်တဦးလည်း ရှိပါတယ်။ လက်ရှိအခြေအနေကြောင့် အမေရိကန်အထိ ကျောင်းသွားတက်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်တော့ပါဘူး။

စစ်အာဏာသိမ်းမှုနောက်ပိုင်း CDM လုပ်လိုတဲ့ ရဲတွေကို သူ ကူညီပေးခဲ့ဖူးပါတယ်။ ဒါကြောင့် မတ်လအတွင်း ရဲနဲ့ စစ်သားတွေ သူ့အိမ်ကို ဝင်စီးတဲ့အခါ အိန္ဒိယဘက် မီဇိုရမ်ပြည်နယ်ထဲ သူ ထွက်ပြေးခဲ့ရပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာတော့ စစ်ကောင်စီက သူ့ကို ဖမ်းဝရမ်း ထုတ်ပြီးပါပြီ။

သူက ကျောင်းတက်ဖို့ အမေရိကန်ပြည်ဝင်ခွင့် ရပြီးသားပါ။ ဒါပေမယ့် တရားမဝင် နိုင်ငံထဲ ရောက်လာတဲ့ သူ့ကို အိန္ဒိယအစိုးရက တရားဝင် ထွက်ခွာခွင့် မပေးခဲ့ပါဘူး။

သူ တက်ရမယ့် အတန်းတွေက ဇွန်လမှာ စတင်ခဲ့ပြီး သူကတော့ အချိန် ကိုးနာရီခွဲ ကွာခြားတဲ့ အိန္ဒိယနိုင်ငံကပဲ အွန်လိုင်းကနေ တက်ရပါတော့တယ်။ "တခါတရံ ကျနော် လိုက်မမီသလို ခံစားရပြီး အတော်လေး ရုန်းကန်နေရပါတယ်" လို့ သူက ညည်းပါတယ်။

ကျောင်းတက်ရတာ အဆင်မပြေတဲ့အပြင် အိမ်မှာ ကျန်ခဲ့တဲ့သူတွေအတွက်လည်း စိတ်ပူပန်နေရပါတယ်။ သူ့ အချစ်ဆုံး သူငယ်ချင်းတယောက်ကို စစ်တပ်က ပစ်သတ်ခဲ့ပြီး ကျန်ခဲ့တဲ့ ရုပ်အလောင်းကိုလည်း အွန်လိုင်းကနေ သူ မြင်တွေ့ခဲ့ရတာပါ။ မြန်မာပြည် အနောက်မြောက်ပိုင်းက သူ့မွေးရပ်ချင်းပြည်နယ်ကို စစ်တပ်က အကြီးအကျယ် ထိုးစစ်ဆင်လျက် ရှိပါတယ်။ "ကျနော်တို့မြို့မှာ တိုက်ပွဲတွေ ဖြစ်ပြီး လူတွေ သေတယ်လို့ တခါတခါ ကြားရတယ်၊ ဒီသတင်းတွေ ကြားပြီးတိုင်း ကျနော် ဘာကိုမှ အာရုံမစိုက်နိုင်တော့ဘူး" လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ကြောင့် စိတ်ဓါတ် လုံးဝ မကျစေရဘူးဆိုပြီး သူ အားတင်းထားပါတယ်။

မိဘတွေနဲ့အတူ ချင်းပြည်နယ်မှာပဲ ရှိနေသေးတဲ့ ဒေဗောရကတော့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို စတင် ခံစားလာရပါပြီ။ စာသင်မယ့်အစား သူဟာ အစားအစာတွေ ချက်ပြုတ်ရောင်းချရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အလှူငွေတွေ ရှာဖွေပေးနေပါတယ်။ "နင် ဘေးကင်းရဲ့လားလို့ လူတွေ လာမေးတဲ့အခါ ဘေးကင်းပါတယ်လို့ပဲ ပြန်ဖြေလိုက်ပါတယ်။ တကယ်တော့ ဘေးကင်းတယ်လို့ ကျမ မခံစားရပါဘူး" လို့ သူက ပြောပြပါတယ်။

"နေ့တိုင်း ကျမတို့ အိမ်ခေါင်မိုးကို လာမှန်တဲ့ သေနတ်သံတွေ ကြားရတယ်၊ တခါတလေဆို တိုက်ပွဲကြား ရောက်နေသလိုပဲ။ ဒီလိုအခြေအနေမှာ ဘယ်သူကများ ဘေးကင်းတယ်လို့ ခံစားရပါ့မလဲရှင်"