← Back Published on

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ မြန်မာအမျိုးသမီးစစ်သည်တော်များ

စာရေးသူ Emily Fishbein & Nu Nu Lusan 

Action Committee for Democracy Development အဖွဲ့မှ ဘာသာပြန်ဆိုထားပါသည်

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ကဗျာမေ ဇူလိုင်လမှာ စပြီး လက်နက်ကိုင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် သူမ ဘောင်းဘီရှည်တောင် တခါမှ ဝတ်ခဲ့ဖူးတာ မဟုတ်ပါဘူး။

တခြားမြန်မာမိန်းကလေးအများစုနည်းတူ အသက် (၂၃) နှစ်အရွယ် ဆရာမဖြစ်ခဲ့တဲ့ သူမလည်း ခြေမျက်စိအထိ ဖုံးတဲ့ ရိုးရာထမီကိုသာ ဝတ်ဆင်လေ့ရှိသူပါ။ အခုတော့ သူမက မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့ရဲ့ အဖွဲ့ဝင်တဦး ဖြစ်နေပါပြီ။ ဒါက မြန်မာပြည်မှာ အမျိုးသမီးတွေချည်း ပါဝင်ဖွဲ့စည်းထားတဲ့ ပထမဆုံး တိုက်ခိုက်ရေးအဖွဲ့ ဖြစ်ပါတယ်။

"စစ်ခွေးတွေကို အမြစ်ဖြုတ်ဖို့ ကျမ ပြောက်ကျားတပ်ဖွဲ့ထဲ ဝင်ခဲ့တာပါ" လို့ ကဗျာမေက ဆိုပါတယ်။ စစ်ခွေးဆိုတာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့လိုမျိုး လုံခြုံရေးတပ်ဖွဲ့တွေကို နာမ်နှိမ်ပြီး ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ "မိန်းကလေးတွေချည်း ဖွဲ့စည်းထားတဲ့ အဖွဲ့မှာ ကျမ ဝင်ပါရတာက ယောက်ျားတွေ လုပ်နိုင်သလို မိန်းမတွေလည်း လုပ်နိုင်တာကို ပြချင်လို့" ဆိုပြီး သူမက ပြောပြပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးချိန်ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးမှာ ကဗျာမေနည်းတူ အမျိုးသမီးတွေ တစထက် တစ ပိုမို ပါဝင်လာနေကြပါတယ်။ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့အတူ ထုံးတမ်းစဉ်လာ ကျားမ စံနှုန်းတွေကို ပြောင်းလဲပစ်ဖို့၊ တိုင်းပြည်သစ် တည်ဆောက်ရာမှာ အမျိုးသမီးတွေလည်း တန်းတူ ပါဝင်ခွင့်ရဖို့ ဆန္ဒရှိကြောင်း ပြောက်ကျားတပ်ဖွဲ့ဝင် အမျိုးသမီးတွေက ပြောပြကြပါတယ်။

ဒီဆောင်းပါးမှာ ပါဝင်တဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် "ကဗျာမေ" လိုမျိုး အမည်လွှဲတွေကို အသုံးပြုထားပါတယ်။

စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ ပထမဆုံး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသူတွေထဲမှာ အထည်ချုပ် အလုပ်သမတွေ ပါဝင်ခဲ့ပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေက ရှေ့တန်းကနေ ချီတက်ပါဝင်ခဲ့ကြပါတယ်။ သူတို့က ဆက်လက် အရှိန်ရနေဆဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီးမှာ အခရာကျခဲ့ကြသလို တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးအတွက် တောင်းဆိုရာမှာလည်း ဦးဆောင်ခဲ့ကြတာပါ။

ဒါ့အပြင် မြန်မာအမျိုးသမီးတွေဟာ သူတို့ရဲ့ မိန်းမသားဖြစ်ခြင်းကို အာဏာရှင်ဆန့်ကျင်ရေး လက်နက်အဖြစ် အကြိမ်ကြိမ် အသုံးပြုခဲ့ကြပါတယ်။ ထမီနဲ့ ထိတွေ့မိရင်၊ ထမီအောက် ရောက်သွားရင် ယောကျ်ားတွေ ဘုန်းကံနိမ့်တတ်တယ်ဆိုတဲ့ အစွဲကို စိန်ခေါ်တဲ့အနေနဲ့ အမျိုးသမီးတွေက ထမီအလံလွှင့်တာ၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုံကို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေမှာ ကပ်ထားတာ စသဖြင့် ပြုလုပ်ခဲ့ကြပါတယ်။ ထမီအပါအဝင် အမျိုးသမီးအသုံးအဆောင်တွေကို လမ်းပေါ်မှာ ကြိုးတန်းနဲ့ လှမ်းထားပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လှောင်ပြောင်သရော်ခဲ့ကြပါတယ်။ စစ်သားနဲ့ ရဲတွေက အဲဒီကြိုးတန်းအောက် မဝင်ရဲတာမို့ သူတို့ကို တားဆီးပြီးသားလည်း ဖြစ်ခဲ့ပါတယ်။


ဆန့်ကျင်ဆန္ဒပြသူမှန်သမျှကို ရက်ရက်စက်စက် နှိပ်ကွပ်တဲ့ စစ်တပ်က အမျိုးသမီးတွေအပေါ်လည်း ညှာတာထောက်ထားခြင်း မရှိခဲ့ပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ အနည်းဆုံး (၁၂၆၀) ဦး သေဆုံးခဲ့ရတယ်လို့ AAPP က စာရင်းထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အနည်းဆုံး (၈၇) ဦးက အမျိုးသမီးတွေပါ။ မတရား ဖမ်းဆီးခံရသူ (၁၂၀၀၀) အနက် (၁၃၀၀) ကျော်ကလည်း အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

မြန်မာပြည်တွင်းက လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ပါဝင်လာတာ အခုမှ မဟုတ်ပါဘူး။ အင်အားအတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ အမျိုးသမီး ရာပေါင်းများစွာ တာဝန်ထမ်းဆောင်နေကြပါတယ်။ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ နော်စီဖိုးရာစိန်က (၂၀၁၅) ခုနှစ်အတွင်း ပြုလုပ်ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဦးဆောင်ညှိုနှိုင်းပေးခဲ့ပြီး စစ်တပ်နဲ့ တိုင်းရင်းသားအင်အားစုတွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရအောင် စွမ်းဆောင်ပြခဲ့ဖူးပါတယ်။

ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအတွင်းက အမျိုးသမီးတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး (၂၀၁၉) ခုနှစ်အတွင်း လေ့လာမှုတခုမှာတော့ အမျိုးသမီးတွေက လက်အောက်ခံဘဝနဲ့သာ နေကြရကြောင်း ခြုံငုံတွေ့ရှိကြရပါတယ်။ ဦးဆောင်သူ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ် မပြုတတ်ကြသလို အမျိုးသမီးတွေရဲ့ အမြင်ကိုလည်း လျစ်လျူရှုထားလေ့ ရှိပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်နိုင်တဲ့အပေါ်လည်း အများကြီး လျော့တွက်ထားခဲ့ကြတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီလိုမျိုး ကျဉ်းမြောင်းတဲ့ အမြင်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ ဖြစ်လာခဲ့ပါတယ်။ လူငယ်လူရွယ်တွေ အဓိက ဦးဆောင်တဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးက နိုင်ငံရေးစနစ်အမှားကြီးကို ပြင်ဆင်ဖို့သာမက လူမှုဘဝ မညီမျှမှုတွေကိုပါ ဖယ်ရှားပစ်ဖို့ ရည်ရွယ်ကြပါတယ်။

အမျိုးသမီးပြောက်ကျားတပ်ဖွဲ့အနေနဲ့ ကျားမသဘောဆိုင်ရာ အမြင်ကျဉ်းမြောင်းမှုတွေကိုလည်း တိုက်ဖျက်ဖို့ ရည်ရွယ်ထားတယ်ဆိုပြီး မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမရာက ဆိုပါတယ်။ "လူ့အသိုင်းအဝိုင်း ထုံးစံတွေက ယောက်ျားအလုပ်၊ မိန်းမအလုပ်ဆိုပြီး ပုံသေဘောင်ခတ်ထားတယ်၊ ဒီလိုထုံးစံတွေကို ချိုးဖျက်ပစ်ဖို့၊ ပုခက်လွှဲတဲ့ လက်တွေက လက်နက်ကိုင်တော်လှန်ရေးမှာလည်း ပါဝင်နိုင်တယ်ဆိုတာ ပြဖို့ ကျမတို့ ဆက်ပြီး ချီတက်တိုက်ပွဲဝင်နေမယ်" လို့ သူက ပြောပါတယ်။

အာဏာမသိမ်းခင်တုန်းကတော့ သူ့ကိုယ်သူ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ဖြစ်လာလိမ့်မယ်လို့ တခါမှ စိတ်မကူးခဲ့ဖူးပါဘူး။ ဒါပေမယ့် ပြည်သူတွေအပေါ် စစ်တပ်ရဲ့ မတရားသတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေကို မြင်တွေ့ပြီးတဲ့အခါ လုပ်သင့်တယ်ထင်တာကို ထလုပ်ဖို့ ဖြစ်လာရပါတယ်။"တခြား ဘာရွေးချယ်စရာမှ မရှိတော့မှသာ ကျမ လက်နက်ကိုင်ခဲ့တာပါ။ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရမလဲဆိုပြီးလည်း စိုးရိမ်မိတယ်။ တဖက်မှာလည်း ငါတို့ နိုင်ကိုနိုင်ရမယ်လို့ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်သွားတယ်။ ကိုယ့်စိတ်ကို ပြင်ထားပြီး ပုံမှန် မဟုတ်ရင်တောင် စိတ်ထိန်းနိုင်ဖို့ လိုတယ်။" လို့ သူက ရှင်းပြပါတယ်။

ဧပြီလက စလို့ မြန်မာပြည်အနှံ့အပြားမှာ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရာနဲ့ချီပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့က အဲဒီထဲက တခုပါ။

"တတိုင်းပြည်လုံး တော်လှန်ရေးထဲ ပါဝင်ဆင်နွှဲနေချိန်မှာ ကျမတို့လည်း ကိုယ့်တာဝန်ကိုယ်ထမ်းရင်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးနေပါတယ်" လို့ အမရာက ဆိုပါတယ်။

အောက်တိုဘာလ (၂၉) ရက်နေ့မှာ ရဲစခန်းတခုကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ မြောင်အမျိုးသမီး ပြောက်ကျားတပ်ဖွဲ့လည်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီစခန်းကို ခြေကုပ်ယူပြီး အနီးတဝိုက်က ကျေးရွာတွေကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ စစ်သားနဲ့ ရဲတွေကို တားဆီးဖို့အတွက် အခုလိုမျိုး လုပ်ခဲ့ရတာလို့ အမရာက ရှင်းပြပါတယ်။

အမျိုးသမီးတွေ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ ဓါတ်ပုံတွေက လူမှုကွန်ယက်မှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုကြောင့် သူတို့ ရှေ့ဆက်ဖို့ ခွန်အားရလာတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ ရည်မှန်းချက်အတိုင်း အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

"ကျမတို့က အမျိုးသမီး ပြောက်ကျားတပ်ဖွဲ့ဝင်တွေပါ၊ ပြောက်ကျားဆိုတာ ဘယ်နေရာ ဘယ်အချိန်မဆို တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပြီးသားလေ၊ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ရဲရင့်တယ်၊ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တယ်၊ တယောက်နဲ့တယောက် သစ္စာရှိတယ်၊ ပြည်သူအတွက် တိုက်ခိုက်ဖို့ အမြဲအဆင်သင့် ရှိတယ်။

"အရင်က ကျောင်းဆရာမတဦးဖြစ်တဲ့ ကဗျာမေဟာ မြောင်အမျိုးသမီးပြောက်ကျားတပ်ဖွဲ့ကို မတည်ထောင်ခင် နှစ်လအလိုတည်းက လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲခဲ့တာပါ။ အခက်အခဲတွေ တောင်ပုံရာပုံဖြစ်လာချိန်၊ ဘေးကင်းလုံခြုံမှု မရှိတော့ချိန်၊ အနာဂတ်ပျောက်ဆုံးသွားချိန်မှာ အခြားမြန်မာလူငယ်အများအပြားနည်းတူ သူကလည်း လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

"အာဏာသိမ်းပြီးတည်းက ဘာမှ အဆင်မပြေတော့ဘူး" ဆိုပြီး သူက ပြောပါတယ်။ "အလကား အချိန်ကုန်နေရတယ်လို့ လူငယ်တွေ ခံစားလာရတယ်၊ လွတ်လွတ်လပ်လပ် သွားလာခွင့်လည်း မရှိဘူး။ စစ်ခွေးတွေ လာပြီဆိုရင် ပြည်သူတွေက ကြောက်နေရတယ်၊ ဒါတွေကို ကျမ ဆက်ပြီး မမြင်မတွေ့ချင်တော့ဘူး"မောင်နှမငါးယောက်ရှိတဲ့အနက် အကြီးဆုံးဖြစ်တဲ့ သူက (၂၀၂၀) ခုနှစ်အစောပိုင်းမှာ ပညာရေးကောလိပ်ကနေ ဘွဲ့ရခဲ့ပါတယ်။ နေ့စားခလေးရဖို့ အနီးနားက စိုက်ခင်းတွေမှာ ပိုးသတ်ဆေး လိုက်ဖြန်းနေရတဲ့ ဖခင်ဖြစ်သူကို သူမရတဲ့ လစာနဲ့ ထောက်ပံ့နိုင်တော့မယ်ဆိုပြီး မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ဖူးတာပါ။

ဒါပေမယ့် ဘွဲ့ရပြီး လပိုင်းအတွင်း ကိုဗစ်နိုင်တင်းရောဂါကြောင့် ကျောင်းတွေအကုန်ပိတ်လိုက်ရပါတယ်။ ဒီလိုနဲ့ သူဟာ ကလေးတွေကို စာသင်ရမယ့်အစား အသားကင်ဆိုင်မှာ အကူဝင်လုပ်ရပါတော့တယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ချင်တဲ့ ဆရာဆရာမတွေက တခဲနက် သပိတ်မှောက်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ကဗျာမေလည်း တဦးအပါအဝင်ပါ။ သူ အလုပ်ဝင်နေတဲ့ အသားကင်ဆိုင်လေး ပိတ်လိုက်ရတဲ့အခါ အဖေဖြစ်သူနဲ့အတူ ပိုးသတ်ဆေးလိုက်ဖြန်းတာအပြင် တွေ့သမျှ အလုပ်ကြမ်းတွေကို မညည်းမညူစတမ်း လုပ်ခဲ့ရပါတယ်။ "ကျမတို့ မိသားစုက လူဦးရေများပြီး တနေ့ရတာ တနေ့စားရတယ်၊ တရက် အလုပ်မလုပ်ဘူးဆိုတာနဲ့ စားစရာလည်း မရှိတော့ဘူး" လို့ သူက ပြောပြရှာပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ သူတို့အနီးတဝိုက်က လူတွေ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေပြီဆိုပြီး သတင်းကြားတဲ့အခါ အမျိုးသမီးတွေကော ပါခွင့် ရမလားလို့ သူ စုံစမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ဇူလိုင်အတွင်း သူ စစ်သင်တန်း စတင် တက်ခွင့်ရခဲ့ပါတယ်။

အဲဒီအချိန်ကျမှ ဘောင်းဘီရှည်တွေကို သူ ပထမဆုံး ဝတ်ဆင်ဖူးတာဖြစ်သလို မိသားစုဝင်မဟုတ်တဲ့ သူစိမ်းယောက်ျားသားတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံဖူးတာလည်း ဖြစ်ပါတယ်။

"အစတော့ ကျမလည်း ရှက်မိပါတယ်။ နောက်တော့ နေသားကျသွားပြီး ရဲဘော်ရဲဘက်တွေ ဖြစ်လာတာပေါ့" လို့ သူက ပြန်ပြောပြပါတယ်။ "ယောက်ျားလေးတွေနဲ့ အပြိုင်လေ့ကျင့်ရတဲ့အခါ ဥပမာ ဒိုက်ထိုးတာမျိုးဆိုရင် သူတို့အတိုင်း လိုက်လုပ်နိုင်အောင် ကျမ ကြိုးစားတယ်၊ ကိုယ်လက်တွေ၊ ခါးတွေ နာပေမယ့် ကြိတ်မှိတ်ပြီး ရအောင် လုပ်တယ်”

ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ် ရှမ်းပြည်နယ်မှ အမျိုးသမီးတွေက သူတို့ရဲ့အခြေအနေကို အခုလို ပြောပြပါတယ်။ ပညာသင်ယူမယ့် သူတို့ရဲ့ အစီအစဉ်တွေ စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားတဲ့အခါ ဒေသခံ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို သွားရောက်ပူးပေါင်းခဲ့ကြပါတယ်။ တဖြည်းဖြည်း အရှိန်အဟုန် မြင့်လာတဲ့ ပဋိပက္ခတွေကလည်း သူတို့ကို အိမ်မှာ မနေရဲအောင် ဖြစ်စေခဲ့တာပါ။

မေလက စတင်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှိနှင့်ပြီးသား တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ သွားရောက်ပူးပေါင်းခဲ့ပြီး မြန်မာစစ်တပ်ကို အတူတကွ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီအတွက် စစ်တပ်က လေကြောင်းပစ်ကူသုံးတာ၊ မီးရှို့တာ၊ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ ပစ်တာ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ တုံ့ပြန်နေခဲ့ပါတယ်။ မြန်မာပြည် အရှေ့တောင်ပိုင်းမှာ အနည်းဆုံး လူပေါင်း (၁၆၅၀၀၀) ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ဖေဖော်ဝါရီလက စလို့ တဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ရသူပေါင်း (၂၂၃၀၀၀) ဦး ရှိတဲ့အကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေငြာထားပါတယ်။

မေလအတွင်း ကယားပြည်နယ်မှာ တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာတဲ့အခါ ဒီမောဆိုမြို့နယ်ထဲမှာ ရှိတဲ့ သူ့ရွာကနေ ပုလဲတယောက် ထွက်ပြေးခဲ့ရပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေ၊ ရွာသူရွာသားတွေ အားလုံး အနီးတဝိုက်က တောတောင်တွေထဲ တိမ်းရှောင်ထွက်ပြေးကြရတာပါ။

"ရာသီဥတုက အရမ်း အေးပြီး ရေကလည်း အရမ်း ရှားတယ်။ အနွေးထည်တွေလည်း ယူမလာမိသလို စားစရာလည်း တရက်စာ နှစ်ရက်စာပဲ ပါကြတာ" လို့ ကိုဗစ်ရောဂါကြောင့် ကျောင်းနားထားရတဲ့ အသက် (၂၁) နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ပုလဲက ပြောပြပါတယ်။ "တိုက်ပွဲတွေ၊ ကျည်ဆန်တွေကြားမှာ ရွာကို ပြန်ပြီး လိုအပ်တာတွေ သွားယူရတယ်”

ဒီလိုနဲ့ ရက်တွေ လတွေ ကြာလာတဲ့အခါ အိမ်ပြန်နိုင်ဖို့ မျှော်လင့်ချက်က ဝေဝါးစ ပြုလာပါတယ်။ ဒါကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် သူ ပါဝင်နိုင်မယ့် နည်းလမ်းတွေကိုပဲ စတင် စဉ်းစားလာမိပါတယ်။ ဇူလိုင်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်ဖို့ သူငယ်ချင်းတယောက်က လာခေါ်ချိန်မှာ သူ ခေါင်းငြိမ့်လိုက်ပါတော့တယ်။

ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပုလဲဟာ ဒဏ်ရာရလာတဲ့ လူနာတွေကို ပြုစုကုသပေးရပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေမှာ ပါဝင်လုပ်ဆောင်ကြရသလို အလှည့်ကျ မီးဖိုချောင်ဝင်ပြီးလည်း ချက်ပြုတ်ပေးရပါတယ်။ ရွာသူရွာသားတွေ စွန့်ပစ်ခဲ့တဲ့ လယ်တွေ ယာတွေထဲ သွားကြည့်ပြီး သူတို့စခန်းအတွက် ရိက္ခာလည်း စုဆောင်းကြရပါတယ်။အမိန့်နာခံတတ်ဖို့၊ တင်းကြပ်တဲ့ စည်းကမ်းတွေအောက်မှာ နေဖို့ တချို့လူတွေ အဆင်မပြေကြပေမယ့် ပုလဲကတော့ ဒါတွေကြောင့် သူ ပိုပြီး သန်မာလာတယ်လို့ ယူဆပါတယ်။ သေနတ်သံ၊ ဗုံးသံ၊ တိုက်ပွဲသံတွေနဲ့တောင် သူ အသားကျနေပါပြီ။

"ပထမဆုံး သေနတ်သံကြားတော့ အရမ်း ကြောက်မိတယ်။ ဒါပေမယ့် တချိန်လုံး ကြားနေရတော့လည်း အခုဆိုရင် ရိုးသွားပါပြီ။ ကျမတို့ရဲ့ အသက်တွေက ဘုရားလက်ထဲမှာပဲ ရှိတယ်။ သေချိန်တန်ရင် ဘယ်သူမှ မရှောင်လွှဲနိုင်ဘူး။ ဒီလိုမျိုး တယောက်ကို တယောက် အားပေးရင်း ရှေ့ဆက်ကြရတယ်" လို့ သူက ပြောပြပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် သီးခြားစီ တာဝန်ခွဲထားပေမယ့်လည်း တော်လှန်ရေးလှုပ်ရှားမှုရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကြောင့် ရဲဘော်ရဲဘက်စိတ်တွေ၊ အချင်းချင်း စာနာထောက်ထားမှုတွေ ပေါက်ဖွားလာကြောင်း သူက ရှင်းပြပါတယ်။ "အမျိုးသမီးတွေ လုပ်နိုင်တာ အများကြီး ရှိပါတယ်။ တချို့တွေက ဝင်ပါချင်ပေမယ့် မိန်းကလေးဆိုရင် အားနည်းတယ်၊ ပျော့တယ်လို့ ထင်မှတ်ထားတဲ့ မိဘတွေက သဘောမတူကြဘူး။ ကျမတို့ ဘာတွေ လုပ်နိုင်သလဲဆိုတာ ပြဖို့ လိုအပ်တယ်၊ ကျမတို့ တကယ်လည်း လုပ်နိုင်တယ်" လို့ သူက ပြောပါတယ်။

ကိုယ့်အိမ်ကိုယ့်ရွာကို ကျောခိုင်းထွက်ပြေးရတာကြောင့် နွေဦးပန်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်ဖို့ စိတ်ကူးမိသွားပါတယ်။ သူက မိုးဗြဲမြို့နယ်ထဲက ကျေးရွာတခုမှာ နေထိုင်ခဲ့တာပါ။

"စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ငါကော ဒီအတိုင်း ငြိမ်ခံနေမလား၊ ပြန်တိုက်မလားဆိုပြီး ကျမ တွေးမိလာတယ်" လို့ အသက် (၂၀) အရွယ် တက္ကသိုလ်ကျောင်းသူ နွေဦးပန်းက ပြောပြပါတယ်။

အခုချိန်မှာ သူက ယောက်ျားလေးတွေနဲ့ ရောပြီး စစ်သင်တန်းတက်လျက် ရှိပါတယ်။ "စိန်ခေါ်မှုတွေကတော့ အများကြီးပဲ။ ကျမက တခါမှ တောထဲမှာလည်း မနေဖူးဘူး။ တသက်လုံး ကျောင်းသွားကျောင်းပြန်ပဲ လုပ်လာတာလေ။ အခုတော့ နေပူမရှောင် မိုးရွာမရှောင် တောင်တက်တောင်ဆင်း လုပ်နေရတယ်။ တကယ်ကို အတွေ့အကြုံသစ်တွေ ရနေပြီ" လို့ သူက ဆိုပါတယ်။

"တောထဲမှာ သွားလာလေ့ကျင့်နေရတာများတော့ ရာသီလာရင်တောင် ကိုက်သလား၊ ခဲသလား သတိမထားမိတော့ဘူး။ အရင်ကဆို အဲဒီလို လာတိုင်း အိပ်ယာထဲ ခွေနေရတယ်။ အခုတော့ တောထဲမှာ သူငယ်ချင်းတွေနဲ့ အတူတူ နေရလို့ အရင်လို မဟုတ်တော့ဘူး။”

နွေဦးပန်းက တိုက်ခိုက်ရေးသမားတဦး ဖြစ်လာအောင် လေ့ကျင့်နေပါတယ်။ နောက်ပြီး သူသာ သူများတွေကို အမီမလိုက်နိုင်ရင် သူ့ကြောင့် အခြားသူတွေ ဝန်ပိမှာကို သူ့အသက်ထက် ပိုပြီး စိုးရိမ်တတ်နေပါပြီ။ တဖြည်းဖြည်းနဲ့တော့ သူ့ကိုယ်သူ ယုံကြည်မှု ပိုတိုးလျက် ရှိပါတယ်။"ယောက်ျားတွေ လုပ်သလို ငါတို့လည်း လုပ်နိုင်ရမယ်ဆိုပြီး စိတ်ဓါတ်ကတော့ မာကျောလာပြီ။ ဒီတော်လှန်ရေးနဲ့အတူ ကျားမတန်းတူ ဖြစ်လာဖို့ ကျမတို့ ရည်ရွယ်ထားတယ်" ဆိုပြီး ပြောပြခဲ့ပါတယ်။

(This article was supported by a grant from ARTICLE 19 under Voices for Inclusion, a project funded by the Netherlands Ministry of Foreign Affairs.)

အင်္ဂလိပ်လိုဖတ်ရန် => https://www.aljazeera.com/.../we-are-warriors-women-join…

Disclaimer-------------------အထက်ပါ ဘာသာပြန်ဆိုမှုသည် အလွတ်သဘော ဘာသာပြန်ဆိုမှုသာ ဖြစ်ပြီး မူရင်းစာရေးသူ၏ အာဘော် အပြည့်အ၀ အား ကိုယ်စားပြု ပြန်ဆိုမှုတွင် အားနည်းချက်များ ရှိနိုင်ကြောင်း နှင့် ဆောင်းပါး ရှင်၏ သဘောထားများသည် ACDD အဖွဲ့အစည်း ၏ နိုင်ငံရေးအာဘော်အား ကိုယ်စားပြုမှုမရှိပါကြောင်း အသိပေးအပ်ပါသည်။