← Back Published on

အာဏာသိမ်းမှုအလွန် တစ်ရှိန်ထိုးများပြားလာသော ရွှေတူးဖော်မှုများကြောင့် မြန်မာပြည် ယိုယွင်းပျက်စီးလာနေသည်

Reported By EMILY FISHBEIN, JAW Tu Hkawng, Nu Nu Lusan, and Jauman Naw

Action Commitee for Democracy Development မှဘာသာပြန်ဆိုထားသည်။  

မူရင်းဆောင်းပါး - In the Wake of Coup, Gold Mining Boom Is Ravaging Myanmar


‘နော်’ ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ကချင်ပြည်နယ် ရွာတစ်ရွာက နေ့စားအလုပ်သမား တစ်ဦးဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် နယ်စပ်တွေပိတ်ပြီး အလုပ်အကိုင် ရှားပါးမသွားခင်တုန်းက သူဟာ ကြံခင်း ၊ ပြောင်းခင်းတွေမှာ အလုပ်လုပ်ရင် သူ့မိသားစုဝင် (၆) ယောက်စာအတွက် စားဖို့လုံလောက်ရုံတော့ ဝင်ငွေရပါတယ်။ အဲ့ဒီနောက် ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံစီးပွားရေး ချောက်နက်ထဲ ထိုးဆင်းသွားတဲ့ အချိန်မှာတော့ ‘နော်’ ဟာဝင်ငွေအတွက် တခြားနည်းလမ်းတွေ ရှာရပါတော့တယ်။

သူဟာ စိန်းလန်းတဲ့တောတောင်တွေ ၊ စပါးခင်းတွေ ၊ ဝါးအိမ်တွေရှိတဲ့ ရွာငယ်လေးတွေကိုဖြတ်ပြီး အနောက်ဘက်ကို မိုင် (၆၀) လောက် ခရီးနှင်ခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းပေါ်က ဗန်းမော်မြို့ကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ တစ်ရက် (၄) ဒေါ်လာလောက်ရတဲ့ ရွှေတူးတဲ့အလုပ်ကို သူစလုပ်ခဲ့ပါတယ်။ သူက ရေစုပ်စက် တစ်လုံးနဲ့ မြေတွေကိုစုတ်ထုတ်ပြီး မျှောနဲ့ဆန်ခါတိုက်ပြီးရင် လက်ဗလာနဲ့ပဲ ပြဒါးရောပြီး ရွှေဖမ်းပါတယ်။

ဗန်းမော်မှာတင် သူ့လို ရွှေတူးသမား (၁,၀၀၀) လောက်ရှိမယ်လို့ ‘နော်’ ကခန့်မှန်းထားပါတယ်။ ကချင်ပြည်နယ်အတွင်းက တစ်ခြားဒေသတွေမှာလဲ အလားတူ ‌ရွှေတိုးကြိတ်တူးဖော်မှုတွေ ရှိနေပြီး ဒါတွေဟာ သယံဇာတူးဖော်မှု လုပ်ငန်းတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်တယ်။ တစ်ချိန်ထဲမှာ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှု ပိုမိုနက်ရှိုင်းလာခြင်း ၊ တရားဦးပဒေစိုးမိုးရေး ပြိုလဲလာခြင်း ၊ ပြည်တွင်းစစ် ကြီးထွားလာခြင်း ဖြစ်ပေါ်နေပါတယ်။

တစ်ချိန်က တိတ်ဆိတ်အေးချမ်းလှတဲ့ မြစ်ကမ်းပါးတွေဟာ ခုချိန်မှာတော့ သောင်ခုတ်စက်တွေနဲ့ ရှုတ်ပွနေပါတယ်။ ရေစီးသံလေးတွေဟာလဲ စက်သံတွေတဗျင်းဗျင်းကြား နစ်မြှုပ်ပျောက်ကွယ် သွားကြပါပြီ။ မြစ်ကြောင်းတစ်လျောက် သောင်ခုတ်စက်လှေတွေနဲ့ ပြည့်နက်နေသလို ကုန်းပေါ်မှာလည်း မြေကော်ကားတွေနဲ့ တူးထားတဲ့ တွင်းတွေထဲမှာ ရေအားပြင်းပိုက်တွေနဲ့ မြေတွေထိုးချနေကြပါတယ်။

“ရွှေတူးတာတွေက ရုတ်တရက်ဆိုသလို နေရာတိုင်းမှာ မှိုလိုပေါက်လာတယ်” လို့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားက ဒေသခံ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောပါတယ်။ အသေးစား တူးဖော်ရေးသမားတွေ သာမက စက်ယန္တရားသုံး အကြီးစားတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေကြသူတွေပါ အလုံးအရင်းနဲ့ ဝင်လာခြင်းကြောင့် ရွှေတူးဖော်ရေးလုပ်ငန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း (၁၀) ဆလောက် ပိုများလာတယ်လို့ ကချင်ပြည်နယ် သယံဇာတ တူးဖော်ရေးအကြောင်း သုတေသနလုပ်နေတဲ့ နောက်ထပ် အရပ်ဘက်လူမှုအဖွဲ့အစည်း ဝန်ထမ်းတစ်ဦးကလည်း ခန့်မှန်းထားပါတယ်။ ခုလို ပြောပြာလာတဲ့ တက်ကြွလှုပ်ရှားသူနဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းဝန်ထမ်း နှစ်ဦးဟာလည်း စစ်တပ်ရဲ့ တုန့်ပြန်အရေးယူမှု ခံရမှာစိုးတာကြောင့် အင်တာဗျူးဖြေကြားခဲ့တဲ့ အခြားသူတွေနည်းတူ သူတို့နာမည်တွေကို မဖော်ပြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရေညစ်ညမ်းမှု ၊ ကမ်းပြိုမှု ၊ သစ်တောပြုန်းတီးမှု ၊ စိုက်ပျိုးမြေဆုံးရှုံးမှု စတာတွေဖြစ်ပေါ်နေပြီး ခုလိုသဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ နေရာအနှံ့ ဖြစ်ပေါ်နေတာဟာ ရွှေတွင်းလုယက်တူးဖော်ကြတဲ့  ကိစ္စတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလို့ ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒါ့အပြင် ရွှေတူးတဲ့ရွာသားတွေ ဒါမှမဟုတ် ရွှေတူးတဲ့သူတွေကို မြေရောင်းလိုက်တဲ့ ရွာသားတွေနဲ့ ‌ရွှေတူးတာကိုဆန့်ကျင်တဲ့ ရွာသားတွေကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာတယ်လို့ သူတို့ကဆိုပါတယ်။ “ကျုပ်တို့ရွာကို အရင်ကလို လူနေဖို့သင့်တော်ပြီး ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ပြန်တည်ဆောက်ဖို့ တော်တော်မလွယ်တော့ပါဘူး” လို့ ရွှေတူးဖော်မှုတွေ အလွန်များတဲ့ နမ်ဆမ်ယန်ရွာက ရွာခံတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်မှာ မက်မောလောက်စရာ သယံဇာတတွေရှိပြီး သစ်အပြင် ကျောက်စိမ်းမြေရှားပယင်း ၊ ရွှေ စတဲ့သတ္တုတွေလည်း ထွက်ရှိပါတယ်။ ကချင်ပြည်နယ်ဟာ ဧရာဝတီမြစ်ရဲ့ မြစ်ဖျားခံရာဒေသလည်း ဖြစ်ပါတယ်။ UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် အဆိုပြုခံထားရတဲ့ နေရာ (၃) ခုရှိပြီး ရွှေနဲ့ အခြားသတ္တု တူးဖော်ရေးလုပ်ငန်းတွေဟာ ဒီနေရာတွေထဲအထိ နယ်ချဲ့လာနေတယ်လို့ သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းက ငှက်လေ့လာသူတွေ လာရောက်လေ့ရှိတဲ့ အင်တော်ကြီး တောရို‌င်းတိရိစ္ဆာန် ဘေးမဲ့တောမှာ မျိုးတုန်းပျောက်ကွယ် လုနီးပါး ငှက်မျိုးစိတ်တွေသာမက ဒေသရင်းငါးနဲ့လိပ် မျိုးစိတ်တွေလည်း ရှိပါတယ်။ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောမှာလည်း အမေရိကန်နိုင်ငံ ၊ ဗာမောက်ပြည်နယ် တစ်ခုစာလောက်ကျယ်တဲ့ ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေ ရှိပြီး အာရှဆင်မျိုးနွယ်အပါအဝင် အခြားမျိုးတုန်း ပျောက်ကွယ်လုနီးပါး တောရိုင်းတိရိစ္ဆာန်တွေလည်း နေထိုင်ကျက်စား ကြပါတယ်။ မြန်မာနိုင်ငံ မြောက်ဖျားတောင်ပေါ် ဆက်စပ်သစ်တောနယ်မြေဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး သဘာဝသစ်တောတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဒေသမှာ ပေ (၁၆,၀၀၀) အမြင့်ရှိတဲ့ တောင်တန်းတွေရှိပြီး ပန်ဒါနီအပါအဝင် အခြားရှားပါး တိရိတ္ဆာန်တွေလဲ နေထိုင်ကျက်စားကြပါတယ်။

Panning-TrenchA miner digs a trench to pan for gold near the Mali River. PRR


ကချင်ပြည်သူတွေဟာ မြန်မာနိုင်ငံရဲ့ သယံဇာတပေါများတဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ ဒါဇင်ပေါင်းများစွာသော လူမျိုးစုတွေထဲက တစ်ခုဖြစ်ပြီး ထွန်ယက်စိုက်ပျိုးခြင်း ၊ သဘာဝ တောထွက်ပစ္စည်းများ ရှာဖွေခြင်း ၊ လက်သုံးကိရိယာ များဖြင့် သတ္တုတူးဖော်ခြင်း စတဲ့လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုလာခဲ့ကြတာ ကြာမြင့်ပြီဖြစ်ပါတယ်။ “ဒီလိုပဲ သင်ပင်ခုတ်လိုက် ငါးဖမ်းလိုက် လုပ်လို့မရဘူး ၊ ဒါမှ သစ်တောသစ်ပင်တွေနဲ့ တောရိုင်းတိရိတ္ဆာန်တွေကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ ကျုပ်တို့မိဘတွေက သင်ပေးထားတယ်” လို့ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်က သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောပါတယ်။ “ရေထဲမှာ ရွှေရှိတာ ကျုပ်တို့သိပါတယ်။ ဒါပေမယ့် အဲ့ဒီအတွက်နဲ့ ကျုပ်တို့ မြစ်တွေကို မဖျက်ဆီးပါဘူး။ ဘာလို့လဲဆိုတော့ မြစ်တွေဟာ ကျုပ်တို့ရဲ့ အသွေး ၊ အသား ၊ ခွန်အားတွေဖြစ်တယ်”။

                                                   ______________________________

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ပေါင်း (၅၀) ကျော်ကာလအတွင်းမှာ ဒေသခံပြည်သူတွေဟာ မြေနဲ့သဘာဝ သယံဇာတ စီမံခန့်ခွဲမှုမှာ ပါဝင်ခွင့် မရရှိခဲ့ကြပါဘူး။ “ကျုပ်တို့ကို ဥပဒေတွေနဲ့ ခြိမ်းခြောက်ပြီး ကျုပ်တို့မှာ ဘာမြေယာ အခွင့်အရေးမှ မရှိဘူးလို့ စွပ်စွဲကြတယ်” လို့ အဆိုပါ ဆွမ်ပရာဘွမ်က တက်ကြွလှုပ်ရှားသူက ပြောပါတယ်။

မြေနဲ့သယာဝသယံဇာတ ခွဲဝေမှု တန်းတူညီမှု မရှိတာကြောင့် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ နယ်စပ်ဒေသ တစ်လျောက်မှာ ဆယ်စုနှစ်များစွာတိုင်အောင် ပြည်တွင်းစစ်ဖြစ်လာခဲ့ပြီး ကချင်လွတ်မြောက်‌ရေးအဖွဲ့ အစည်း (ကေအိုင်အို) အနေနဲ့လည်း ကချင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်လာခဲ့တာ နှစ်ပေါင်း (၆၀) ရှိပြီဖြစ်ပါတယ်။ သဘာဝသယံဇာတ ခေါင်းပုံဖြတ်မှု လုပ်ငန်းတွေဟာ ပဋိပက္ခဖြစ်နေကြတဲ့ ဘက်နှစ်ဘက်လုံးကို ငွေကြေးထောက်ပံ့မှု ပေးနေပါတယ်။ ဒါ့အပြင် လူမျိုးစုပြည်သူ့စစ်တွေနဲ့ လက်နက်ကိုင်အဖွဲ့ငယ်တွေ ဟာလည်း ကချင်ပြည်နယ် သယံဇာတတူးဖော်ရေး လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိနေပါတယ်။

တစ်ချိန်က စိမ်းလန်းတဲ့ တောတောင်တွေဟာ ခုချိန်မှာ ချိုင့်ဝှမ်းတွေ အမှိုက်ပုံတွေနဲ့ ပြည့်နေတဲ့ စွန့်ပစ်မြေပုံတွေ ဖြစ်လာကြပါတယ်။


၁၉၉၄ ခုနှစ်မှာ စတင်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ကေအိုင်အိုကြား အပစ်အခတ်ရပ်စဲရေးကြောင့် မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်ဒေသ အများအပြား ထိန်းချုပ်ခွင့်ရလာခဲ့ပြီး ကချင်ပြည်နယ်ရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဟာ ဒီ (၁၇) နှစ်တာ အပစ်အခတ်ရပ်စဲရေးကာလမှာ သိသိသာသာ ပိုမိုဆိုးရွာလာခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ဟာ သူတို့ရဲ့အကျိုးစီးပွားကို အားပေးထောက်ခံတဲ့ ကုမ္ပဏီတွေကိုသာ လုပ်ပိုင်ခွင့် ချပေးခဲ့တာဖြစ်ပြီး တရုတ်ကုမ္ပဏီတွေဟာ ကချင်ပြည်နယ်အတွင်းမှာ “ဥပဒေအထိန်းအကွပ်မဲ့တဲ့ အကြီးစား သစ်ထုတ်လုပ်ရေးနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ” လုပ်ကိုင်နေခဲ့တာကြောင့် ဒေသခံပြည်သူတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် “ကပ်ဆိုက်စေတဲ့” သက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ Global Witness အဖွဲ့က ဖော်ပြခဲ့ပါတယ်

၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း အစီရင်ခံစာတစ်ခုမှာ ကချင်ပြည်နယ်က “ကြေကွဲဖွယ်ရာ ရွှေလုယက်တူးဖော်မှု” အကြောင်း ဖော်ပြထားပါတယ်။ ပြဒါးဆိပ်ဟာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပေမယ့် ရွှေတူးသူတွေဟာ ပြဒါးကို လက်ဗလာနဲ့ ကိုင်တွယ်အသုံးပြုနေကြပြီး ပြဒါးနဲ့ပြည့်နေတဲ့ ရွှေစရောသတ္တုတွေကို အရေကျိုပြီး ရွှေပြန်ဖော်ကြတာကြောင့် ဒါတွေက သူတို့အတွက် အန္တရာယ်ရှိတဲ့ အပြုအမူတွေ ဖြစ်တယ်လို့ အစီရင်ခံစာ တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ရွှေတူးသူတွေဟာ ပြဒါးဆိပ်သင့်နေတဲ့ ရေထဲကိုလည်း ခြေဗလာနဲ့ ဖြတ်ကူးကြပြီး ဒေသခံတွေဟာလဲ ဒီရေထဲကငါးတွေကိုပဲ စားကြတယ်လို့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။ ဒါ့အပြင် ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် မြစ်ရေစီးကြောင်း ပြောင်းလဲခြင်း ၊ မြစ်ကမ်းပါးပြိုပျက်ခြင်း ၊ မြစ်ကြမ်းခင်း ပျက်စီးခြင်း ၊ မြစ်ရေအတက်အကျ အပြောင်းအလဲဖြစ်ခြင်း ၊ သစ်တောပြုန်းတီးမှု မြန်ဆန်စေခြင်း ဖြစ်စေရုံသာမက “ဇီဝမျိုးကွဲစုံလင်မှုအပေါ် တိုင်းတာလို့ မရနိုင်လောက်အောင် ထိခိုက်ဆုံးရှုံးမှု” တွေဖြစ်နေတာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ဖြစ်စဉ်တွေ ကချင်ပြည်နယ် ဖားကန့်ဒေသမှာလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီမှာလည်း စစ်တပ်ဟာ ကျောက်စိမ်း တူးဖော်ခွင့်တွေ ချပေးပြီး ထွက်ရှိလာတဲ့ ကျောက်စိမ်းအများစုဟာ တရုတ်နိုင်ငံကို မှောင်ခိုတင်ပို့ခံရပါတယ်။ တစ်ချိန်က စိန်းလန်းစိုပြေခဲ့တဲ့ တောင်တန်းတွေဟာ တွင်းပျက်ကြီးတွေ အမှိုက်ပုံတွေနဲ့ပြည့်နေတဲ့ စွန့်ပစ်မြေပုံတွေနဲ့ပြည့်နေတဲ့ မြေကောတွ ဖြစ်လာပါတယ်။ ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ တစ်နိုင်တစ်ပိုင် တူးဖော်သူတွေ သိန်းပေါင်းများစွာ ရှိပေမယ့် အမှန်တကယ် ရုန်းထွက်နိုင်သူတွေ ရှားပါတယ်။ မြေပြိုမှုတွေကြောင့် သေဆုံးမှုတွေ နှစ်တိုင်းရှိပါတယ်။ အပစ်အခတ်ရပ်စဲရေးကာလ သစ်ထုတ်လုပ်ခွင့်ကြောင့် သစ်တောပြုန်းတီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ကချင်ပြည်နယ် အရှေ့မြောက်ဘက် တရုတ်နယ်စပ် တစ်လျှောက်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။

Gold-Mining-Suction-DivingA mining vessel on the Mali River in Kachin State. Sediment suctioned from the river bottom passes through a sluice tray before mercury is added to extract gold. PRR


ဒီလုပ်ငန်းတွေ အကုန်လုံးဟာ မြန်မာစစ်တပ် ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ တရုတ်ကုမ္ပဏီတွေနဲ့ ထိပ်တန်းစီးပွားရေး သမားတွေကို အကျိုးအမြတ် ရစေခဲ့ပေမယ့် ဒေသခံပြည်သူတွေကတော့ မြေယာသိမ်းဆည်းခံရခြင်း ၊ လူမှုအသိုက်အဝန်း ပြိုကွဲခြင်းနဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှုတရှိန်ထိုးမြင့်တက်သွားခြင်း စတာတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံက သယံဇာတ ပဋိပက္ခတွေအကြောင်း သုတေသနအများအပြား ပြုလုပ်ခဲ့တဲ့ ဟာနိုလူလူမြို့ အခြေစိုက် East-West Center ရဲ့သုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စတာကယ်ဗင်ဝုစ် ကမြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ နေရာတွေနဲ့ သစ်တောပြုန်းတီးမှု ဖြစ်နေတဲ့ နေရာတွေကြား ချိတ်ဆက်မှုတွေ နီးနီးစပ်စပ် ရှိနေတဲ့အကြောင်း ရှင်းပြပါတယ်။ “ဒီလို အလွန်မက်မောလောက်ဖွယ်ရာ သယံဇာတနဲ့ပတ်သက်တဲ့ စီးပွားရေး အပေးအယူတွေဟာ စစ်တပ်အားပေး နိုင်ငံရေးချိတ်တွေနဲ့ သူတို့ရဲ့ဘဏ်အကောင့်တွေကို စိုစိုပြေပြေ ဖြစ်စေခဲ့တယ်” လို့ သူက အီးမေးလ်ထဲကတစ်ဆင့် ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရ ၂၀၁၆ ခုနှစ်မှာ အာဏာရလာတော့ သယံဇာတ တူးဖော်ရေးကဏ္ဍ နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတစ်ချို့ ပြုလုပ်ခဲ့ပေမယ့် စောင့်ကြည့်မှုနဲ့ လိုက်နာမှုရှိအောင် အကောင်အထည်ဖော်မှု အားနည်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းတွေကနေ နှစ်စဉ်ဒေါ်လာ ဘီလီယံပေါင်းများစွာ ဝင်နေပေမယ့် အကျင့်ပျက်ခြစားမှုတွေထဲ ဆက်လက်နစ်မွန်းနေဆဲဖြစ်တယ်။

တရားမဝင်သစ်ခုတ်မှုတွေ အရှိန်လျော့ကျလာပေမယ့် ဒါဟာလည်း အစိုးရက သစ်တန်ချိန် (၂) သိန်းကျော်ကို သိမ်းဆည်းလိုက်ခြင်းနဲ့ ၊ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဒေသတစ်ခုဖြစ်တဲ့ ပန်ဝါဒေသမှာ မြေရှားတူးဖော်မှုတွေ မြင့်တက်လာခြင်းကြောင့်လည်း တစ်စိတ်တစ်ဒေသ ပါဝင်ပါတယ်။ လက်နက်ကိုင်တွေများပြားတဲ့ ဒီဒေသကို သွားလာဖို့ အန္တရာယ်များတာကြောင့် ဒီလုပ်ငန်းကို မှတ်တမ်းတင်ဖို့ ကြိုးပန်းမှုတွေကို အဟန့်အတား ဖြစ်စေလျက်ရှိပါတယ်။ သို့သော် ဂြိုလ်တုကနေ ရတဲ့အချက်အလက်တွေ ၊ ဒေသခံသတင်းဌနတွေရဲ့ သတင်းဖော်ပြချက်တွေနဲ့ အီးမေးလ်နဲ့ ဖုန်းကနေတစ်ဆင့် ပြုလုပ်တဲ့ အင်တာဗျူးတွေအရ တရုတ်ပြည်နယ်ကနေလာတယ်လို့ ဆိုကြတဲ့ မြေရှားသတ္တုတွေဟာ တကယ်တမ်း ကချင်ပြည်နယ်ကနေ တူးဖော်ထားတာတွေ ဖြစ်ကြောင်း ညွှန်ပြနေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာ ကာလအတွင်း ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်မှုတွေ မြင့်တက်လာခြင်းဟာ တရုတ်နိုင်ငံမှာ မြေရှားတူဖော်မှု ဖြိုခွင်းအရေးယူမှုတစ်ခုနဲ့ တိုက်ဆိုင်နေပါတယ်။ ဖြိုခွင်းရခြင်း အကြောင်းရင်းတွေထဲမှာ သစ်တောပြုန်းတီးမှုနဲ့ ရေနဲ့မြေဆီလွှာ ညစ်ညမ်းမှုတွေအပါအဝင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကိစ္စတွေလည်း ပါဝင်တယ်။

“ကျုပ်တို့ချောင်းရေမသောက်ရဲတော့ဘူး” လို့ ရွှေတူးဖော်တဲ့ဒေသက ဒေသခံတစ်ဦးကပြောပါတယ်။


ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာဟာ ဆိုးရွားတယ်ဆိုပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက သယံဇာတ လုယက်မှုတွေကို ပိုပြီးအရှိန်ကောင်း စေခဲ့ပါတယ်။ “တိုက်ရိုက်စစ်အုပ်ချုပ်မှုအောက် ပြန်ရောက်သွားတာကြောင့် သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းပါဝင်မှုနဲ့ ပတ်သက်တဲ့ တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်ဟာ နောက်ကြောင်းပြန်လှည့်ကုန်တယ်” လို့ East-West Center က မစ္စတာဝုစ်က ပြောပါတယ်။ “သယံဇာတလုယက်ဖျက်ဆီးတဲ့ လုပ်ငန်းတွေမှာ စစ်တပ်နဲ့တစ်ကွ သူတို့နဲ့ ပတ်သက်သူတွေဟာ စီးပွားရေး အမြတ်ထုတ်လိုမှု ခိုင်ခိုင်မာမာ ဆက်ရှိနေတာကြောင့် နောက်ဆက်တွဲ လူမှုရေး ၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေး အပေါ် ရိုက်ခတ်မှုတွေလည်း ဆက်ရှိနေမှာဖြစ်တယ်။ ဒါတွေကို လျော့တွက်မထားသင့်ပါဘူး”

လူတော်တော်များများ လက်လှမ်းမှီပြီး ကချင်ပြည်နယ် တစ်ဝှမ်းလုံးမှာလည်း လုပ်ကိုင်နိုင်တဲ့ ဒီလိုရွှေတူးဖော်မှုလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်သူတွေ တစ်ရှိန်ထိုး မြှင့်တက်လာခဲ့ပါတယ်။ ရွှေတူးကြတဲ့ နေရာတွေထဲမှာ ဧရာဝတီမြစ်စတင်ရာ မြစ်ဆုံဒေသ ၊ အင်းတော်ကြီးကန် ၊ ဟူးကောင်းချိုင့်ဝှမ်းနဲ့ တောင်တန်းထူထပ်တဲ့ ကချင်ပြည်နယ်မြောင်းပိုင်း သစ်တောနယ်မြေတွေ ပါဝင်ကြောင်း အင်တာဗျူးဖြေကြားချက်တွေနဲ့ ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။ စက်သုံးဆီတွေ ၊ ရွှေတူးဖော်မှု စွန့်ပစ်အညစ်အကြေးတွေနဲ့ ပြဒါးတွေကြောင့် မြစ်ရေညစ်ညမ်းလာမှု အပါအဝင် ပိုမိုဆိုးရွားလာတဲ့ သက်ရောက်မှုတွေအကြောင်းကို ဒေသခံ သတင်းအရင်းအမြစ်တွေက ရှင်းပြကြပါတယ်။

“အရင်က ကျွန်မတို့ တာရန်ချောင်းကရေကို ခပ်သောက်ကြပါတယ်” လို့ ဟူးကောင်းချိုင့်ဝှမ်းဒေသက အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ရေသန့်တယ် ၊ ရေချိုတယ်။ ဒါပေမယ့် ခုတော့ လူတွေက သောက်ရေအတွက် ရေတွင်းတူးကြတယ်။ ကျွန်မတို့တွေ ချောင်းရေမသောက်ရဲကြတော့ဘူး။ သူတို့က စက်ယန္တရားကြီးတွေနဲ့ တူးကြတာ။ ဒါကြောင့် ငါးတွေ ၊ တောကောင်တွေလဲ ရှားပါးလာတယ်။”

Available-satellite-imagery-shows-the-impact-of-gold-mining-in-Nam-San-Yang-village-between-November-2019-and-January-2022.-Imagery-was-restricted-to-these-two-time-stamps-but-local-sources-said-that-the-military-coup-accelerated-gold-miniSatellite imagery shows the impact of gold mining in Nam San Yang, Kachin State between November 2019 (above) and January 2022 (below). Locals say the 2021 coup accelerated mining. BRET FOLGER

ရွှေတူးဖော်မှုတွေ များပြားလာတာကြောင့် လူတွေရဲ့ အခြေခံစားဝတ်နေရေး လိုအပ်ချက် ဖြည့်ဆည်းပေးနေတဲ့ အရာတွေကို ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆွမ်ပရာဘွမ်က တက်ကြွလှုပ်ရှားသူက ပြောပါတယ်။ “အရင်ကဆိုရင် မြစ်ထဲမှာ ငါးတွေ အများကြီးရှိတယ်” လို့သူကပြောပါတယ်။ “ဒါပေမယ့် အခုတော့ မြေတွေ ကျောက်တွေ တူးဖော်ကြတာကြောင့် သက်ရှိသတ္တဝါတွေ အများကြီး ဆက်ပြီးအသက်ရှင်ဖို့ ခက်ခဲသွားစေတယ်။”

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေထိုင်သူတွေဟာ မြေပြိုမှုနဲ့ ရွှေတူးဖော်ရေးကြောင့်ဖြစ်တဲ့ မြေတိုက်စားမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်မှာစိုးရိမ်နေကြပါတယ်။ ဒ့ါအပြင် သူတို့ဟာ မြစ်ကမ်းခြေပျက်စီးမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ညည်းညူနေကြပါတယ်။ ဒီနေရာတွေဟာ အရင်က ဒေသခံတွေ အပန်းဖြေရာ ၊ ပျော်ပွဲစားထွက်ရာ နေရာတွေဖြစ်ပေမယ့် ခုတော့ ရွှေတွင်းဟောင်းတွေထဲ ကလေးသူငယ်တွေ ပြုတ်ကျသွားမှာ စိုးရိမ်နေရပါတယ်။ “အရင်က မြစ်ကမ်းနားကိုသွားရင် သဘာဝရှုခင်းတွေနဲ့ အရမ်းလှပါတယ်။ ခုတော့ ရွှေတူးဖော်မှုတွေကြောင့် စွန့်ပစ်ပစ္စည်းတွေ ၊ ကျောက်ခဲတွေ ၊ တွင်းပျက်တွေ အများကြီးရှိနေတယ်” လို့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားအနီးက အူဗျစ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

နမ်ဆမ်ယန်ကျေးရွာမှာ စက်ယန္တရားသုံး ရွှေတူး‌ဖော်မှုတွေဟာ နေအိမ်တွေနဲ့ လယ်ယာမြေတွေထဲ တစ်ဖြေးဖြေး ဝင်ရောက်လာတာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်ပေမယ့် အာဏာသိမ်းမှုအလွန်မှာ တဟုန်ထိုး ထပ်မံတိုးများလာနေပါတယ်။ ဒီရွာက ရွာသူရွာသားအများစုဟာ စစ်တပ်နဲ့ ကေအိုင်အိုကြား တိုက်ပွဲတွေကြောင့် ၂၀၁၁ ခုနှစ်ကတည်းက လူ (၁၀၀,၀၀၀) ဝန်းကျင်ခန့်ရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သွားနေနေရတာဖြစ်ပြီး သူတို့နေရပ်ပြန်ဖို့ မျှော်လင့်ချက်တွေ မှေးမိန်လာပါတယ်။

“အရင် (၂၀၁၁ ခုနှစ်) တုန်းက စားစရာလိုအပ်ရင် ချောင်းထဲငါးသွားဖမ်းကြပါတယ်” လို့ မကြာသေးခင်က စစ်ရှောင်စခန်း ကနေပြန်လာပြီး ရွှေတိုးချဲ့တူးဖော်မှုတွေကို ဆန့်ကျင်ဖို့ ကြိုးစားနေတဲ့ ရွာခံတစ်ဦးကပြောပါတယ်။ “ခုငါးဖမ်းစရာ ရေတောင်မရှိပါဘူး။ မွေးမြူရေးတိရိစ္ဆာန်တွေ အတွက်လဲ မြေမရှိတော့ပါဘူး။ ခုချိန်မှာ လယ်ယာမြေဆိုတာ စကားလုံးပဲ ရှိပါတော့တယ်”

“ကုမ္ပဏီကြီးတွေက (စစ်တပ်ကို) ပိုက်ဆံကောင်းကောင်းပေးကြတယ်။ ဒါကြောင့် သူတို့ကို တားမြစ်တာ ၊ ဖမ်းဆီးတာ မရှိဘူး” လို့ အသေးစား ရွှေတူးဖော်သူတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေက ဒေသခံတွေအချင်းချင်းကြား ယုံကြည်မှုကိုလဲ ထိခိုက်စေပါတယ်။ “မြေရောင်းချင်သူတွေနဲ့ မရောင်းချင်သူတွေကြားမှာ ပြဿနာတွေ အကြီးကြီးရှိတယ်” လို့သူကပြောပါတယ်။ “ဒါကြောင့် သူတို့ကြား ဆက်ဆံရေးတွေလဲ ပျက်စီးကုန်ပါတယ်”

တစ်ချို့ရွာသားတွေက ရွှေတူးသူတွေကို ရပ်ဖို့ တိုက်ရိုက်တောင်းဆိုတာမျိုးတွေ လုပ်ခြင်းအားဖြင့် ရွှေတူးဖော်မှု တဟုန်ထိုး တိုးများလာခြင်းကို ဆန့်ကျင်ဖို့ ကြိုးစားနေကြပေမယ့် သက်ဆိုင်ရာ တာန်ရှိသူတွေဆီက အကူအညီ သိပ်မရကြဘူးလို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောကြပါတယ်။ “ဒီလိုပြဿနာတွေကို အစိုးရက ဖြေရှင်းပေးသင့်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ အစိုးရဆိုတာ မရှိသလိုပါပဲ” လို့ အူဗျစ်ကျေးရွာ ရွာခံတစ်ဦးက ပြောပါတယ်။

ခုလိုတုန့်ပြန်မှုတွေ အားနည်းနေရခြင်း အကြောင်းရင်းတွေ ထဲကတစ်ခုက စစ်တပ် ၊ ကေအိုင်အိုနဲ့ အခြားလက်နက်ကိုင် အုပ်စုတွေက ရွှေတူးဖော်ရေး လုပ်ငန်းတွေကို ပုံမှန်အခွန်ကောက်နေတာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လက်နက်ကိုင်အဖွဲ့တွေဟာ ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကြောင့် သူတို့အနေနဲ့ အရေးယူမှုတွေ မလုပ်ကြပါဘူး” လို့ မြစ်ကြီးနားက အရပ်ဘက်လူမှုအဖွဲ့အစည်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်တပ်က တစ်ချို့နေရာတွေမှာ စက်ပစ္စည်းတွေကို သိမ်းဆည်းတာ ရွှေတူးသူတွေကို ဖမ်းဆီးတာ ရှိပေမယ့် ဒါတွေက အပေါ်ယံလုပ်ရပ်တွေ သာဖြစ်တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောကြပါတယ်။ “စစ်သားတွေလာရင် ကျုပ်တို့ စက်ပစ္စည်းတွေထားပြီး ပြေးရတယ်။ ပြီးရင် စစ်သားတွေပြန်သွားရင် လူတွေအကုန်ပြန်ရောက်လာပြီး ရွှေပြန်တူးကြတယ်” လို့ ဗန်းမော်က ရွှေတူးသမား ‘နော်’ ကပြောပါတယ်။ “ကုမ္ပဏီကြီးတွေက (စစ်တပ်ကို) ပိုက်ဆံကောင်းကောင်း ပေးကြတယ်။ ဒါကြောင့် သူတို့ကို တားမြစ်တာ ၊ ဖမ်းဆီးတာ မရှိဘူး။ ပိုက်ဆံမပေးနိုင်တဲ့ အသေးစား ရွှေတူးဖော်သူတွေပဲ အဖမ်းခံကြရတယ်။”

Myanmar-Coup_GettyArmored vehicles drive through Myitkyina, Kachin State on February 3, 2021, shortly after the military coup. STR/AFP VIA GETTY IMAGES

စစ်တပ်ကခန့်ထားတဲ့ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတိန့်ဆောင်ကို မှတ်ချက်တောင်းခံခဲ့ပေမယ့် အကြောင်းပြန်ခဲ့ခြင်းမရှိပါဘူး။

ကေအိုင်အိုက သူ့နယ်မြေထဲမှာ ရွှေတူးဖော်မှုတွေကို ဒီဇင်ဘာလတုန်းက တားမြစ်ပိတ်ပင်လိုက်ပြီး အဲ့ဒီအချိန်ကစလို့ သူရဲ့ထိန်းချုပ်မှု တစ်ချို့တစ်ဝက်အောက်မှာ ရှိနေတဲ့ နမ်ဆမ်ယန်ကျေးရွာမှာလည်း ရွှေတူးဖော်မှုတွေကို ရပ်ဆဲလိုက်ပါတယ်။ ကေအိုင်အို အနေနဲ့ သူ့ထိန်းချုပ်နယ်မြေထဲက တစ်ချို့ကျန်ရှိနေတဲ့ ရွှေတူးဖော်မှုလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်းနဲ့ ဒီလုပ်ငန်းတွေက ရရှိတဲ့ အကောက်အခွန်တွေ ဆုံးရှုံးခံပြီး ဖြိုခွင်းမှုတွေလုပ်ဖို့လဲ အသင့်ရှိကြောင်း ကေအိုင်အိုရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖုန်းအင်တာဗျူးကတစ်ဆင့် ပြန်လည်ဖြေကြား ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းမှုနဲ့ ၊ စစ်တပ်နဲ့လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ကေအိုင်အို အနေနဲ့ ကချင်ပြည်နယ် အခြားဒေသတွေက ရွှေတူးဖော်မှုကိစ္စတွေကို ဖြေရှင်းနိုင်စွမ်း သိပ်မရှိဘူးလို့ သူကထပ်ပြောပါတယ်။

သို့သော် ကေအိုင်အိုက ဖြေရှင်းဖို့ နိုင်ငံရေးစိတ်ဆန္ဒရှိတယ်ဆိုတဲ့ အပေါ်ကို သံသယရှိကြောင်း ဒေသခံ သတင်းအရင်းအမြစ် တစ်ချို့က ပြောပြလာကြပါတယ်။ “ကျွန်တော်တို့ရွာဖျက်ဆီးခံလိုက်ရခြင်း အကြောင်းရင်းက ကေအိုင်အိုက ထိထိရောက်ရောက် အရေးယူမှုတွေ မရှိတာကြောင့်ဖြစ်တယ်။ သူတို့က အပြသဘောပဲ တားဆီးတာတွေ လုပ်တယ်” လို့ နမ်ဆမ်ယန်ရွာခံ တစ်ဦးက ပြောပါတယ်။

ဆွမ်ပရာဘွမ်က တက်ကြွလှုပ်ရှားသူကလည်း ရွှေတူးဖော်မှု တစ်ရှိန်ထိုးများပြားလာခြင်းကို ထိန်းချုပ်မှုတွေ လုပ်နိုင်မယ်လို့ သူ့အနေနဲ့ သိပ်မထင်ဘူးလို့ ပြောပါတယ်။ “ (ရွှေတူးဖော်မှုတွေကနေ) အကျိုးအမြတ်ရနေတာ ချမ်းသာတဲ့ စီပွားရေး သမားတွေရယ် အစိုးရနာမည် အသုံးချနေသူတွေရယ် နှစ်ဖွဲ့ပဲရှိတယ်” လို့သူကပြောပါတယ်။ “သူတို့တွေက သဘာဝ ပတ်ဝန်းကျင်နဲ့ သယံဇတတွေကို ဖျက်ဆီးကြတဲ့အခါ ကျွန်တော်တို့ခြေထောက်တွေ ဖြတ်ခံလိုက်ရသလို ခံစားရတယ်”

-----------------------------------------------------

Emily Fishbein သည် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ မြန်မာနိုင်ငံတွင် အခြေစိုက်ခဲ့သော အလွတ်တမ်း သတင်းထောက် တစ်ဦးဖြစ်သည်။ သူမ၏ဆောင်းပါးများကို Al Jazeera, The Globe and Mail, Time, Frontier Myanmar သတင်းဌာနများတွင် ထုတ်ဝေခဲ့သည်။ 

Jaw Tu Hkawng သည် ကချင်ပြည်နယ်ဇာတိမှလာသူ တစ်ဦးဖြစ်ပြီး ဥပဒေဘွဲ့အတွက် မလေးရှားနိုင်ငံတွင် လက်ရှိပညာသင်ယူနေသူ တစ်ဦးဖြစ်သည်။ 

Nu Nu Lusan သည် လူအခွင့်အရေးနှင့် လူမှုတရားမျှတမှုအကြောင်း အဓိကရေးသားသော ကချင်ပြည်နယ်မှ အလွတ်တမ်း စုံစမ်းရေးသတင်းထောက် တစ်ဦးဖြစ်သည်။

Jauman Naw သည် သဘာဝပတ်ဝန်းကျင်ကိစ္စများအကြောင်း အဓိကရေးသားနေသော ကချင်ပြည်နယ်မှ အလွတ်တမ်း စုံစမ်းရေးသတင်းထောက် တစ်ဦးဖြစ်ပြီး သူ၏လုံခြုံရေးအတွက် အမည်လွဲကို အသုံးပြုထားသည်။

------------------------------------------------------

ဤဆောင်းပါး ရေးသားနိုင်ရန်အတွက် Rainforest Journalism Fund နှင့် Pulitzer Center တို့က ပူးတွဲထောက်ပံ့မှု ပြုလုပ်ပေးခဲ့ပါသည်။