← Back Published on

ဒီလို စစ်အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ဖို့ သမီးတို့ ပညာတတ်မှ ဖြစ်မယ်လို့ ယုံကြည်ထားတယ်

Emily Fishbein နဲ့ Nu Nu Lusan မှရေသားတင်ပြပြီး၊ 
ACDD မှဘာသာပြန်ဆိုထားသည်။

ဇွန်လ (၁) ရက်နေ့ ကျောင်းတွေပြန်ဖွင့်တော့ 'ဘီးလေး' သူ့စာသင်ခန်းထဲ ပြန်ရောက်ချိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ် သူလေးတန်းတုန်းက နောက်ဆုံး ကျောင်းတက်ခဲ့ဖူးတာနဲ့ လုံးဝ မတူတော့တာကို တွေ့လိုက်ရပါတယ်။

အဲဒီတုန်းက ရန်ကုန်မြို့၊ အစိုးရစာသင်ကျောင်းတခုမှာ အဖြူအစိမ်း ကျောင်းဝတ်စုံနဲ့ စာသင်ခုံနဲ့ သူ ကျောင်းတက်ခဲ့ရတာပါ။ အခုတော့ သူ ကျောင်းဝတ်စုံလည်း မဝတ်ရတော့သလို မိုးကာစတွေနဲ့ ဆောက်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာပဲ တက်နေရပါပြီ။ အဲဒီကျောင်းလေးကို သူတို့လိုမျိုး စစ်‌ဘေးရှောင် ကလေးတွေအတွက် ဖွင့်လှစ်ထားတာပါ။

ဒီအတောအတွင်း အခက်အခဲတွေ တခုပြီးတခု ဘီးလေး ကြုံတွေ့ခဲ့ရပါတယ်။ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီး တပတ်အတွင်း နိုင်ငံအနှံ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဧပြီလအထိအတွင်း စစ်သားတွေက အရပ်သားပြည်သူ ရာနဲ့ချီ ပစ်သတ်ခဲ့ပါတယ်။ မေလအတွင်းမှာတော့ ဘီးလေးဟာ သူ့မေမေ၊ ညီမလေးတို့နဲ့အတူ ရန်ကုန်ကို ကျောခိုင်းပြီး ကီလိုမီတာ တထောင်ကျော်ဝေးတဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ချင်းပြည်နယ် ထန်တလန်မြို့ကို နေမကောင်းတဲ့ သူ့အဖိုးနဲ့ အတူတူ ပြန်နေထိုင်ဖို့ ပြောင်း‌ရွေ့ရပါတော့တယ်။

(Sara Cuevas/TNH)

အဲဒီအချိန်လောက်မှာပဲ မြန်မာပြည်သူတွေက မြို့ကြီးပြကြီးကနေ ကျေးလက်ဒေသတွေဆီ မြန်မြန်ဆန်ဆန် ပြောင်းရွှေ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လက်နက်ကိုင်တော်လှန်လာကြပါတယ်။ စစ်တပ်ဘက်ကလည်း လူနေကျေးရွာတွေပါမကျန် တိုက်ခိုက်ပြီး နှိမ်နှင်းဖို့ ကြိုးစားခဲ့ပါတယ်။ စက်တင်ဘာလအတွင်း စစ်တပ်က ထန်တလန်မြို့ကို ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နောက်ထပ် အနည်းဆုံး အကြိမ် သုံးဆယ်လောက် ထပ်မံ မီးရှို့ခဲ့ပြီး မြို့နေလူဦးရေ တစ်သောင်းကျော်လောက် အိုးပစ်အိမ်ပစ်နဲ့ ထွက်ပြေးတိမ်းရှောင်ကြရပါတော့တယ်။

ဒီလိုနဲ့ တောင်စောင်းမြို့ကလေးဟာ တငွေ့ငွေ့ လောင်ကျွမ်းနေတဲ့ ပြာပုံအတိသာ ကျန်လုနီးပါး ဖြစ်သွားခဲ့ရပါပြီ။ ဒါပေမယ့် အနီးတဝိုက် ကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေမှာတော့ စာသင်ကျောင်း စုစုပေါင်း (၅၁) ကျောင်း ဖွင့်လှစ်ထားပြီး ကလေးငယ်ပေါင်း (၇၀၀၀) ကျော်ကို ပညာသင်ပေးနေပါတယ်။ အဲဒီကျောင်းတွေကို CDM ဝန်ထမ်းတွေ၊ ဒေသခံ စေတနာရှင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ မြို့နယ် ပညာရေးကော်မတီက ဦးစီးဖွင့်လှစ်ပေးထားတာပါ။ ကျောင်းတက်နေတဲ့ ကလေးတွေထဲမှာ ဘီးလေးလည်း တဦးအပါအဝင်ဖြစ်ပြီး လွတ်သွားတဲ့ ကျောင်းသင်ခန်းစာတွေကို ကြိုးစားအမီလိုက်နေရပါတယ်။ တချိန်တည်းမှာ သူ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကိုလည်း ပြန်လည် ကုစားနေရပါသေးတယ်။ “သေနတ်သံတွေ၊ ဗုံးသံတွေ သား ကိုယ်တိုင် ကြားဖူးတယ်” လို့ သူက ပြန်ပြောပြပါတယ်။ “ကျည်ဆန်ရာတွေ ကျန်ခဲ့တာ၊ ပြတင်းပေါက်တွေ ကွဲကုန်တာလည်း မြင်ဖူးတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်နေရတာမို့ အင်္ဂလိပ်စာ မလိုက်နိုင်တော့ဘူး၊ မြန်မာလို ပြောတာလည်း ပိုဆိုးသွားပြီ” လို့ သူက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ဘီးလေးနည်းတူ (၂) နှစ်လောက်‌ စာမသင်လိုက်ရတဲ့ ကျောင်းနေအရွယ် ကလေးငယ် (၈) သန်းကျော် ရှိပါတယ်။ အစောပိုင်းမှာ ကိုဗစ်ရောဂါကြောင့် ကျောင်းပိတ်ခဲ့လို့ ဖြစ်ပြီး နောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ လက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် တိုင်းပြည်အနှံ့က စာသင်ကျောင်း အများအပြား သပိတ်မှောက်ခဲ့ကြပါတယ်။ မြန်မာပြည်တွင်းမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေပေမယ့် ကလေးငယ်တွေ နောက်တနှစ် ကျောင်းပျက်သွားမှာ စိုးတာကြောင့် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသအလိုက် အုပ်ချုပ်ရေး အဖွဲ့သစ်တွေက နိုင်ငံအနှံ့မှာ ပညာသင်ကြားရေး စနစ်သစ်တွေ ချဲ့ထွင်နိုင်အောင် ကြိုးစားဆောင်ရွက်နေကြပါတယ်။

သူတို့ရဲ့ ကိုယ်ပိုင်ပညာရေး 

Chin Human Rights Organization/TNH_ ချင်းပြည်နယ်၊ ထန်တလန်မြို့ပြင်မှာ မိန်းကလေးနှစ်ယောက် အိမ်စာလုပ်နေပုံ။ စစ်တပ်ရဲ့ ထိုစစ်ဆင်တိုက်ခိုက်မှုတွေကြား စစ်ဘေးရှောင်စခန်းတွေမှာ ဆရာ၊ဆရာမများက ကျောင်းသားများကို ကြိုးစား၍ စာဆက်လက်သင်ကြားပေးနေသည်။

စစ်ကောင်စီ လက်အောက်ခံ ကျောင်းတွေမှာ မတက်ချင်တဲ့ ကလေးတွေအတွက် ရွေးချယ်စရာ သိပ်မရှိခဲ့ပါဘူး။ NUG အစိုးရက ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တည်ဆောက်နေပြီး ဆန္ဒပြသပိတ်မှောက်မှုတွေကို ထောက်ခံအားပေးသလို ပညာရေးစနစ်သစ်တခု အပြိုင်တည်ဆောက်ပေးဖို့လည်း ကတိပြုထားပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အနည်းအကျဉ်းသာ တတ်နိုင်ပါသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ဆယ်စုနှစ်နဲ့ချီအောင် ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နယ်စပ်တလျှောက်က ဒေသတွေမှာ ကျောင်းတွေ ဖွင့်တဲ့အခါ ကျောင်းလာအပ်နှုန်း အလွန် များခဲ့ပါတယ်။ ဒါပေမယ့် အားလုံးအတွက် လုံလောက်အောင် မဖွင့်ပေးနိုင်သေးဘဲ တချို့ကျောင်းတွေဆိုရင် ကျောင်းလာအပ်ရင်တောင် ငြင်းလွှတ်နေရပါတယ်။

ဒီနှစ်မှာတော့ ကျောင်းလာအပ်တဲ့ ကျောင်းသားကျောင်းသူပေါင်း (၅.၂) သန်းရှိတယ်လို့ စစ်ကောင်စီဘက်က ကြေငြာထားပါတယ်။ ဒါက မနှစ်ကထက် ငါးဆပိုများလာတာပါ။ ဒါပေမယ့် စစ်ကောင်စီ အဓိက ထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးပြကြီးတွေမှာသာ အခုလိုမျိုး ကျောင်းအပ်နေတာ ဖြစ်ကြောင်း စောကပီးက ဆိုပါတယ်။ သူက မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးမှာ လွန်ခဲ့တဲ့ ရှစ်နှစ်လုံးလုံး ပါဝင်ဆောင်ရွက်နေသူ ကရင်တိုင်းရင်းသားတဦးပါ။

တချို့ဒေသတွေမှာတော့ အထက်ကနဲ့ မတူညီတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် နယ်မြေထိန်းချုပ်ဖို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့၊ စစ်တပ်က အရက်စက်ဆုံး အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ ကျေးလက်ဒေသတွေမှာပါ။ တော်လှန်ရေးအဖွဲ့အစည်းတွေ နယ်မြေစိုးမိုးနိုင်လာတာနဲ့အမျှ အခိုင်အမာ ရပ်တည်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ရှိနှင့်ပြီးသား သူတို့ရဲ့ ပညာသင်ကြားရေးစနစ်တွေကို ချဲ့ထွင်ပေးနေပါတယ်။ CDM ဝန်ထမ်းတွေ၊ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ၊ မြို့မိမြို့ဖတွေ၊ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း တော်လှန်ရေးလက်နက်ကိုင်တွေ နယ်မြေစိုးမိုးထားနိုင်တဲ့ ဒေသတွေမှာ ပညာရေးစနစ်တွေ ကိုယ်ထူကိုယ်ထ စတင် တည်ထောင်နိုင်ခဲ့ကြပါတယ်။ 

“ပြည်သူတွေက ကိုယ့်ဒေသအလိုက် ကိုယ်ပိုင်ပညာရေး စနစ်တွေ တည်ထောင်ဖို့ အသင့်ဖြစ်နေကြပြီ။ ကျေးလက်က အသစ်ဖွင့်ထားတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေမှာ ကျောင်းလာတက်တာ သိသိသာသာ မြင်နေရပြီ။ ပြည်သူတွေကို အုပ်ချုပ်ဖို့ စစ်ကောင်စီကို တရားဝင်အစိုးရလို့ လုံးဝ အသိအမှတ် မပြုချင်ကြဘူး” လို့ စောကပီးက ရှင်းပြပါတယ်။

အန္တာရယ်တွေကြား စာသင်ကြားခြင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက တိုက်ပွဲတွေကြားမှာပဲ ကျောင်းတွေ ဖွင့်လှစ်ပြီး ထောင်သောင်းမကတဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးနေပါတယ်။ အဲဒီကျောင်းက ဆရာ၊ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။

“စာသင်နေတုန်း ကျောင်းပေါ်တည့်တည့် ဗုံးများ ကျလာမလားလို့တော့ စိုးရိမ်မိတယ်” ဆိုပြီး ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်က ဆရာတဦးဖြစ်သူ ခူးဦးရယ်က ပြောပါတယ်။ “ခပ်လှမ်းလှမ်းက ဗုံးသံ၊ သေနတ်သံတွေ ကြားရင် စိတ်မလုံမခြုံဖြစ်ပြီး နည်းနည်းတော့ ကြောက်တယ်။ ဒါပေမယ့် ကလေးတွေရဲ့ ပညာရေး၊ သူတို့ရဲ့ အနာဂတ်အတွက် ဆက်ပြီး သင်ပေးနေရတာပဲ။” 

ကရင်နီပြည်နယ်က လက်နက်ကိုင်တော်လှန်ရေးကို နှိမ်နင်းဖို့ စစ်တပ်က ပြီးခဲ့တဲ့ မေလက စပြီး လေကြောင်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေပါတယ်။ အရပ်သားပြည်သူတွေနဲ့ သူတို့ရဲ့ အိုးအိမ်တွေ၊ စစ်ဘေးရှောင် စခန်းတွေပါမကျန် ပစ်မှတ်ထားတိုက်ခိုက်ခံနေရပါတယ်။ ပြည်နယ်လူဦးရေရဲ့ တဝက်နီးပါး၊ ပြည်သူပေါင်း (၁၇၀၀၀၀) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ကြေငြာထားပါတယ်။

ဒီလိုအခြေအနေဆိုးတွေ ကြားမှာတောင် တိုင်းရင်းသားအဖွဲ့အစည်း လက်အောက်ခံ ကရင်နီပညာရေးဌာနက ပြီးခဲ့တဲ့ နှစ်အတွင်း စာသင်ကျောင်း (၄၅) ကျောင်းကနေ (၁၂၉) ကျောင်းအထိ တိုးချဲ့နိုင်ခဲ့ပြီး လက်ရှိမှာ ကလေးငယ်ပေါင်း (၁၂၀၀၀) ကျော်ကို ပညာသင်ကြားပေးနိုင်နေပြီလို့ နယ်စပ်ဒေသနဲ့ စစ်ဘေးရှောင်စခန်း ပညာရေး တာဝန်ခံတဦးက ဆိုပါတယ်။

လိုအပ်ချက်တွေက ပိုများနေပေမယ့် အဲဒီစာသင်ကျောင်းတွေမှာ အကောင်းဆုံး ကြံဆဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။ ဥပမာ ဖတ်စာအုပ် လုံးဝ မရနိုင်တဲ့ နေရာတွေမှာ ကလေးကဗျာတွေ၊ သီချင်းတွေ သင်ကြားပေးတာမျိုး၊ စားပွဲကုလားထိုင်တွေကို ဝါးနဲ့ ပြုလုပ်ပေးတာမျိုး စသဖြင့် ဖြစ်ပါတယ်။

ဆရာ၊ ဆရာမ အများစုက CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေ၊ ဒါမှမဟုတ် ကရင်နီ ကိုယ်ထူကိုယ်ထကျောင်းတွေ၊ တိုင်းရင်းသား ကောလိပ်တွေကနေ ဆင်းလာကြသူတွေ ဖြစ်ပါတယ်။ သူတို့ကို လစာလည်း မပေးနိုင်တာမို့ ကလေးတွေကို စာသင်ပေးရင်း တဖက်မှာလည်း ဝင်ငွေရအောင် စိုက်ပျိုးမွေးမြူရေးတွေ ကိုယ်တိုင် လုပ်နေကြရပါတယ်။

အကြီးမားဆုံး အခက်အခဲကတော့ နေရာထိုင်ခင်း ရှားပါးနေတာပါ။ အချို့ကျောင်းတွေကို စစ်တပ် လက်လှမ်းမမီတဲ့ အစိုးရစာသင်ကျောင်းဟောင်းတွေမှာ၊ အချို့ကို ဘုရားကျောင်းတွေမှာ စသဖြင့် အသီးသီး ဖွင့်လှစ်ထားပါတယ်။ ဒါပေမယ့် အဲဒီအဆောက်အဦးတွေမှာလည်း စစ်ဘေးရှောင်တွေနဲ့ အများအားဖြင့် ပြည့်နေတတ်တာမို့ စာသင်ကျောင်း (၁၂) ကျောင်းကို ဒီအတိုင်း မြေကွက်လပ်မှာပဲ သင်ကြားပေးနေရပါတယ်။ “သစ်ပင်အောက်တွေ၊ ဝါးရုံပင်အောက်တွေလိုမျိုး လုံခြုံမယ်လို့ ထင်ရတဲ့ နေရာတွေမှာ သင်ပေးရတယ်။ မိုးရွာရင်တော့ စာသင်တာ ရပ်ရတာပေါ့” လို့ ပြောပြပါတယ်။

ပေါင်းစပ် သင်ရိုးညွှန်းတမ်း 

ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတဲ့၊ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ မဟုတ်တဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေကို အောက်တိုဘာလအတွင်း စတင် ဖွင့်လှစ်နိုင်ခဲ့ကြပါတယ်။ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေမှာ စာသင်ကျောင်းပေါင်း (၁၇၀) ကျော် ရှိနေပြီလို့ ချင်းပြည်နယ်တောင်ပိုင်း ပညာရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကိုဆလိုင်းဆူရှားက ဆိုပါတယ်။

ချင်းပြည်နယ်က ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပုံမှန်ပြဌာန်းစာအုပ်က အကြောင်းအရာတွေအပြင် တိုင်းရင်းသားဘာသာစကားနဲ့ သင်ခန်းစာတွေကိုလည်း ပေါင်းစပ်သင်ကြားပေးနေတယ်လို့ ပြောပြပါတယ်။ 


Chin Human Rights Organization/TNH_ထန်တလန်မှာ စာသင်နေသောကျောင်းသူကျောင်းသားများ။ ချင်းပြည်နယ်ရှိ လူးအဖွဲ့အစည်းများသည် စစ်အစိုးရမဟုတ်သော ပထမဆုံးသော ကျောင်းစနစ်သစ် ထူထောင်ခဲ့သောအဖွဲ့ဖြစ်သည်။

ဒါပေမယ့် ကျောင်းအများစုခမျာ ကရင်နီပြည်နယ်က ကျောင်းတွေနည်းတူ အခက်အခဲတွေ တပုံတပင် ရင်ဆိုင်နေကြရပါတယ်။ “စာသင်ကျောင်း အဆောက်အဦးတွေမှာ စစ်ဘေးရှောင်တွေ ခိုလှုံနေရတော့ အဲဒီမှာ စာသင်လို့ မရဘူး။ အပြင်ဘက်က မိုးကာတဲတွေမှာပဲ သင်ရတယ်။ ဆရာ၊ ဆရာမ အများစုက ငယ်ငယ်ရွယ်ရွယ်လေးတွေဆိုတော့ အခုလိုမျိုး ပရဟိတ လုပ်နိုင်ဖို့ သူတို့ရဲ့ မိဘတွေအပေါ်ပဲ ဆက်မှီခိုနေရတာပေါ့” လို့ ထန်တလန် ပညာရေးကော်မတီ ဥက္ကဌက ရှင်းပြပါတယ်။

နိုင်ငံအဝှမ်းက တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားပါတယ်။ အဲဒီထဲမှာ ချင်းပြည်နယ်လည်း တခုအပါအဝင်ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလတည်းက မြို့နယ်အများစုမှာ အင်တာနက် ပြတ်တောက်ခဲ့တာပါ။ အွန်လိုင်းကနေ မွမ်းမံ သင်တန်းတွေ တက်ဖို့ အင်တာနက်လိုင်းမိအောင် တောင်ထိပ်ပေါ် သွားရတဲ့ မင်းတပ်မြို့နယ်က ဆရာ၊ ဆရာမတွေအကြောင်း ဇွန်လအတွင်း ပြည်တွင်းသတင်းဌာနတခုမှာ ဖော်ပြထားပါတယ်။ သူတို့ရဲ့ ဖုန်းတွေကို သစ်ကိုင်းတွေနဲ့ ချည်ပြီး ထောင်ထားရတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

စကိုင်းတိုင်း

ဖိနှိပ်မှုကို တွန်းလှန်ခြင်း

မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်း စစ်ကိုင်းဒေသမှာ ပြီးခဲ့တဲ့ တနှစ်လုံး စစ်တပ်ရဲ့ အဆိုးဝါးဆုံး အကြမ်းဖက်မှုတွေကို ခံစားခဲ့ရပါတယ်။ တော်လှန်ရေးအဖွဲ့တွေကို နှိမ်နင်းဖို့ စစ်တပ်က ရွာလုံးကျွတ် မီးရှို့တာ၊ မည်သူမည်ဝါ မခွဲခြားဘဲ အရပ်သားပြည်သူတွေပါမကျန် သတ်ဖြတ်တာ စသဖြင့် ကျူးလွန်ခဲ့ပါတယ်။ ဒီလိုမျိုး ပဋိပက္ခတွေ ဖြစ်နေချိန်မှာတောင် NUG အစိုးရလက်အောက်ခံ မြို့နယ် ပညာရေးအဖွဲ့တွေက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ရာနဲ့ချီပြီး ဖွင့်လှစ်နိုင်ခဲ့ကြပါတယ်။ 

ကနီမြို့နယ်အတွင်း စာသင်ကျောင်းပေါင်း (၁၄၈) ကျောင်း ဖွင့်လှစ်ထားပြီး ဆရာ၊ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေကတော့ ရံဖန်ရံခါဆိုသလို တောထဲမှာ သွားရောက်ပုန်းနေရတတ်ပါတယ်။ “စစ်တပ်က မကြာခဏ လာတိုက်နေတော့ ခဏခဏ သွားပုန်းနေရတယ်။ ဒါကြောင့် ကျောင်း(၂) နှစ် ပိတ်ထားတာကို လိုက်မီအောင် ပြန်သင်ပေးဖို့ အခက်တွေ့နေရတယ်” လို့ ဆရာမ ဒေါ်မြတ်နိုးက ပြောပြပါတယ်။ 

ဘယ်လိုပဲဖြစ်ပါစေ ဆရာ၊ ဆရာမတွေက သူတို့တတ်နိုင်သလောက် ဆက်ပြီး ကြိုးစားသင်ပေးနေကြပါတယ်။ “ထွက်ပြေးနေရချိန်တွေမှာ ပုံမှန်အတိုင်း သင်ပေးလို့ မရဘူး။ နည်းနည်းငယ်တဲ့ ကလေးတွေကိုပဲ ပုံပြင်တွေ၊ ကဗျာတွေ သင်ပေးရတယ်။ စစ်သားတွေ ပြန်သွားပြီဆိုမှ ပျက်သွားတဲ့ ရက်တွေအတွက် ပြန်အစားထိုး သင်ပေးတယ်” လို့လည်း ရှင်းပြပါတယ်။

စကိုင်းတိုင်း

ဝင်ငွေ ရှိဖို့လည်း လိုအပ်တာမို့ ဆရာ၊ ဆရာမတွေရော ကျောင်းသူကျောင်းသားတွေပါ အလုပ်လုပ်နိုင်အောင် ကနီမြို့နယ်ထဲက ကျောင်းတွေမှာ ကျောင်းတက်ချိန်ကို လျှော့ချထားရပါတယ်။ ဆရာမဒေါ်မြတ်နိုးရဲ့ တူမဖြစ်သူ (၁၆) နှစ်အရွယ် ထင်ထင်လည်း ကျောင်းတဖက်နဲ့ ဆေးလိပ်လိပ်ရပါတယ်။ ဆေးလိပ် (၁၀၀) လိပ်ရင် မြန်မာငွေ (၄၀၀) ရတာမို့ သူက နေ့တဝက်ကို မြန်မာငွေ (၁၀၀၀) လောက်တော့ ရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ နှစ်ဆတက်သွားတာကြောင့် သူ့တနေ့စာဝင်ငွေနဲ့ ကျောင်းသုံးဗလာစာအုပ် နှစ်အုပ်သာ ရပါတယ်။ “ကျောင်းစာ၊ အိမ်စာတွေ လုပ်ချင်ပေမယ့် ဝင်ငွေရှိဖို့လည်း လိုသေးတယ်၊ ဒါကြောင့် သမီး စာကြိုးစားချင်သလောက် မကြိုးစားနိုင်ဘူး” လို့ ထင်ထင်က ပြောပြပါတယ်။ 

တိုက်ပွဲတွေကြောင့်လည်း ထင်ထင် စိတ်ဖြောင့်ဖြောင့် စာမလုပ်နိုင်ခဲ့ပါဘူး။ “ကျောင်းမှာ လုံခြုံတယ်လို့ မခံစားရဘူး။ စစ်တပ်ရဟတ်ယာဉ်တွေ၊ ဂျက်လေယာဉ်တွေ နိမ့်နိမ့်လေး ကပ်ပျံနေရင် ပိုဆိုးတယ်။ စစ်သားတွေ ရွာကို လာတိုက်ပြီဆိုရင် ငါတို့အိမ်ကို မီးရှို့သွားမလားဆိုပြီး အမြဲတမ်း စိုးရိမ်နေရတယ်။ ဒါကြောင့် ထွက်ပြေးတိုင်း ကျောင်းစာအုပ်တွေရော၊ တခြားတန်ဖိုးရှိတဲ့ ပစ္စည်းတွေပါ တပါတည်း ထုပ်သယ်သွားရတယ်” လို့ ပြောပြပါတယ်။ 

ဘာတွေပဲရှိရှိ ဆက်ပြီး ကျောင်းတက်ဖို့တော့ ထင်ထင် ဆုံးဖြတ်ထားပါတယ်။ “ဒီလို စစ်အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ဖို့ သမီးတို့ ပညာတတ်မှ ဖြစ်မယ်လို့ ယုံကြည်ထားတယ်”ဆိုပြီး ထင်ထင်က ဆိုခဲ့ပါတော့တယ်။

Disclaimer 

အထက်ပါ ဘာသာပြန်ဆိုမှုသည် အလွတ်သဘော ဘာသာပြန်ဆိုမှုသာဖြစ်ပြီး မူရင်းစာရေးသူ၏ အာဘော် အပြည့်အဝအား ကိုယ်စားပြု ပြန်ဆိုရာတွင် အားနည်းချက်များ ရှိနိုင်ကြောင်းနှင့် ဆောင်းပါးရှင်၏ သဘောထားများသည် ACDD အဖွဲ့အစည်း၏ နိုင်ငံရေးအာဘော်အား ကိုယ်စားပြုမှု မရှိပါကြောင်း အသိပေးအပ်ပါသည်။